Skip to main content

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဟနွိုင်း ဇွန် ၃၀

(၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (23rd ASEAN Sub-Committee Meeting on Information, 23rd SCI Meeeting) ကို ဇွန် ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ The HILTON HANOI OPERA ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

 မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်က ရန်ကုန်မြို့မှ ထွက်ခွာပြီး ဘန်ကောက်မှ တစ်ဆင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ညပိုင်းတွင် ရောက်ရှိကာ ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်ပြီး နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်မြို့တို့ရှိ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ အနေဖြင့်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံပြန်ကြားရေးဆပ်ကော်မတီ (SCI) အလှည့်ကျသဘာပတိဖြစ်သည့် ဗီယက်နမ်နိုင်ငံ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် MR Trieu Minh Long နှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်တက် ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ပြန်ကြားရေးကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းအသစ် ဆောင်ရွက်လိုသည့် နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် SCI Meeting အလှည့်ကျကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းတို့အား အဓိကထား၍ ဝိုင်းဝန်းဆွေးနွေးကြသည်။

ယခုနှစ် SCI အစည်းအဝေးတွင် မြန်မာနိုင်ငံ SCI အဖွဲ့ကိုယ်စား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက Project Proponent အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် 10th ASEAN Quiz Competition (National Level) ကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ လုံး၏ နိုင်ငံအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တာဝန်ခံဆွေးနွေးကြပြီး 10th ASEAN Quiz (Regional Level) အတွက် Game Plan အပါအဝင် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများကို အခြား နိုင်ငံများသို့ ရှင်းလင်းတင်ပြကြသည်။

 ထို့အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဌာနခွဲအသီးသီးမှ တာဝန်ယူဆောင်ရွက်လျက် ရှိကြသည့် ASEAN News Exchange Initiatives project,RISE ASEAN Project နှင့် ASEAN Creative Film Response on COVID-19 Project များနှင့် စပ်လျဉ်း၍ Update Information များကို အခြား SCI ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြကြပြီး SCI -Myanmar ၏ ဒုတိယမြောက် Project အသစ်အဖြစ် MITV ဌာနခွဲမှ ဆောင်ရွက်မည့် Sustainable ASEAN MSMEs Project ၏ Concept Note အား တင်သွင်းရှင်းလင်း ဆွေးနွေးကြသည်။

အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးများကို အာဆီယံဒေသတွင်း သတင်းပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးပွားခိုင်မာလာစေရေး၊ အာဆီယံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အတွက် အဓိကရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ယင်းအစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နှစ်စဉ် အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် အွန်လိုင်းမှ တစ်ဆင့် ယင်းအစည်းအဝေးများ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် (၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေး (23rd ASEAN Sub-Committee Meeting on Information, 23rd SCI Meeeting)ကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်တက်ရောက်သည့် အစည်းအဝေး (Physical Meeting) အဖြစ် ပြန်လည်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်