(ယမန်နေ့မှအဆက်)
NP News သတင်းဌာနမှသတင်းထောက် ဦးကျော်မျိုးမင်းက ယခုလက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရာတွင် လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ မယုံကြည်မှု (သို့မဟုတ်) နိုင်ငံရေးအသိုင်း အဝိုင်း၏မယုံကြည်မှုတို့ကို ရင်ဆိုင်ရနိုင်ခြေရှိသည်ဆိုသည့် အခြေအနေကိုသိမည်ဟု ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် မဲစာရင်းစစ်ဆေးမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပင် နိုင်ငံတကာအသိုင်းအဝိုင်းအချို့၊ နိုင်ငံရေးအသိုင်းအဝိုင်းအချို့နှင့် လူမှုရေးအသိုင်းအဝိုင်းတို့တွင် လျစ်လျူရှုထားသည်ကိုတွေ့ရကြောင်း၊ တပ်မတော်က ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကျင်းပပေးမည့်ရွေးကောက်ပွဲအပေါ် မည်မျှယုံကြည်မှုရှိသည်၊ မည်သည့်အတိုင်းအတာအထိ ယုံကြည်စိတ်ချ၍ရနိုင်သည်၊ ယုံကြည်မှုမရှိနိုင် စသည့် မေးခွန်းများကို မည်ကဲ့သို့ ပြန်လည်ဖြေကြားလိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းကို ပြန်လည်ဖြေကြားရမည်ဆိုပါက မိမိတို့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၁) အရသော်လည်းကောင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင်လည်း မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပ ပေးရမည့်တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ရန်အတွက် မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဖွဲ့စည်းရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ရာတွင် ပါတီ၊ နိုင်ငံရေးကင်းရှင်းသူများနှင့် အတွေ့အကြုံရင့်ကျက်သူများကိုသာ ရွေးချယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန် ဦးတည်၍ ဆောင်ရွက်လျက် ရှိကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အစောပိုင်းက သတင်းထောက်ကြီးမေးမြန်းခဲ့သည့် မေးခွန်းတွင်ပါဝင်သည့် နိုင်ငံတကာနှင့် ပြည်တွင်းမှဝေဖန်သူများကတော့ ရှိနေမည်ဖြစ်ကြောင်း၊ ထိုဝေဖန်ချက်များမှာ ၎င်းတို့၏ သဘောထားများသာဖြစ်ကြောင်း၊ သို့သော် မိမိတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းများပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းအပါအဝင် မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ အဆိုပါလုပ်ငန်း စဉ်များ၏လုပ်ငန်းစဉ် အဆင့်ဆင့်တွင် နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာနိုင်ငံသား ပြည်သူလူထု များ၏မျက်စိရှေ့မှောက်တွင် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များဖြစ်သည့် မဲစာရင်းဖောင်းပွခြင်းများမရှိစေရေး၊ မဲလက်မှတ်များမှားယွင်းခြင်း၊ ဖောင်းပွခြင်းများမရှိစေရေး စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြီးခဲ့သည့်ရွေး ကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်ကြိုတင်မဲများသည် အလွန်များပြားခဲ့ပြီး ပြဿနာခြောက်သန်းခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ကြိုတင်မဲပေးခွင့်နှင့်ပတ်သက်၍ မဲဆန္ဒနယ် ပြင်ပရောက် ရက် ၉၀၊ ရက် ၁၈၀ ခရီးသွားရောက်ကြသည့် မဲဆန္ဒရှင်များ၏ မဲပေးခွင့်ကို မိမိတို့အနေဖြင့် ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နောက်ပိုင်းတွင် ရက် ၉၀ ဟု ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊ မဲပေးရာတွင် ဖြစ်ပေါ်လာနိုင်သည့် Risk များကိုလျှော့ချ၍ လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု အာမခံပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်းက ၂၀၂၀ ပြည့်နှစ် မဲမသမာမှုရလဒ်များကို တောက်လျှောက်ထုတ်ပြန်ပေးနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ လက်ရှိနိုင်ငံရေးပါတီများ၏ အသိအမှတ်ပြုမှုနှင့် လက်ခံပေးမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
လက်ခံသည့်သူများလည်း မြောက်မြားစွာရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းသည့် မဲစာရင်းမှားယွင်းမှုကိစ္စများကို မိမိတို့အနေဖြင့် လက်တွေ့မြေပြင်တွင်လည်း ချပြပြီးဖြစ်ကြောင်း၊ သို့သော် မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေသူများက တစ်ပိုင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် Document များ အပြည့်အဝဖြင့်ချပြပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကို လက်ခံသည့်သူများလည်း မြောက်မြားစွာရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက UEC ၏ စစ်ဆေးခြင်းကိုမခံယူသည့် ပါတီများရှိကြောင်း၊ အဆိုပါ ပါတီများအနက် အစစ်ဆေးခံရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်လာသည့် ပါတီမည်မျှရှိသည်ကိုသိလိုကြောင်း၊ အစစ်ဆေးမခံသည့်ပါတီများကို လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြု/မပြုကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်သည့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနှင့် ပတ်သက်သည့်အခြေအနေကိုလည်း အစောပိုင်းက မိမိတင်ပြပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၉၂ ပါတီအနက်စစ်ဆေးရန်အတွက် ပါတီရှစ်ပါတီ ကျန်ရှိနေသေးကြောင်း၊ မိမိသိရသလောက်ပြောရလျှင် အချို့ပါတီများမှာ အစစ်ဆေးခံရန်အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် ဖြစ်ကြောင်း၊ တချို့မှာ နယ်မြေလုံခြုံရေးအခြေအနေ အရဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေ ကြသူများလည်းရှိကြောင်း၊ ထို့ကြောင့် စစ်ဆေးရန်ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ထိုပါတီများကို စစ်ဆေးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပါတီများ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရ/မရဆိုသည့်အခြေအနေမှာ ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိစ္စနှင့် ပါတီစစ်ဆေးသည့်ကိစ္စမှာ တိုက်ရိုက်ဆက်စပ်မှုမရှိကြောင်း၊ သို့သော် ထိုပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် ဖြစ်ပေါ်နေသည့် ပါတီ၏အခြေအနေအပေါ်တွင် မူတည်ကြောင်း၊ ပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့် အချိန်တွင် ပါတီဖျက်သိမ်းခြင်းခံထားရပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ ယာယီရပ်ဆိုင်းခြင်းခံထားရပါကလည်း ဝင်ရောက်ယှဉ်ပြိုင်၍မရကြောင်း၊ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါကလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိ/မရှိ ဆိုသည်မှာ အထက်ပါအခြေအနေများအပေါ်တွင် မူတည်ကြောင်း ပြန်လည်ဖြေကြား သည်။
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက NUG၊ CRPH၊ PDF နှင့်ပတ်သက်မှု မရှိဟု လက်မှတ်ရေးထိုးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မည်မျှရှိသည်ကိုသိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းကို ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း မေးမြန်းခဲ့ဖူးကြောင်း၊ မိမိလည်းပြန်လည်ဖြေကြားခဲ့ဖူးကြောင်း၊ အဆိုပါလွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေး ထိုးသည့်ကိစ္စမှာ မိမိတို့ UEC ကဆောင်ရွက်သည့် ကိစ္စမဟုတ်ကြောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ဆောင်ရွက်သည့်ကိစ္စဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်သည့် စာရင်းဇယားများ UEC တွင် မရှိကြောင်း ပြန်လည်ဖြေကြားသည်။
Open List နှင့် Closed List ဟူ၍ အမျိုးမျိုးဖြစ်နေ
Golden Hand ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်နှင့်တကွ ယခုခန်းမ အတွင်းရှိနေသည့် ပုဂ္ဂိုလ်များအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေဟု ပြောလိုကြောင်း၊ လာမည့်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဟုသိရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် PR စနစ်နှင့်ပတ်သက်၍ Open List နှင့် Closed List ဟူ၍ အမျိုးမျိုးဖြစ်နေကြကြောင်း၊ ဥပမာအားဖြင့် Closed List ဆိုပါကရွေးကောက်ပွဲနယ်မြေတွင် ရွေးကောက်တင်မြှောက်ခံမည့်ပုဂ္ဂိုလ်မှာမည်သူ ဖြစ်သည်ဟု မသိရကြောင်း၊ ထို့ကြောင့် “ပါတီကိုပဲကြည့်ပါ၊ လူကို မကြည့်ပါနဲ့” ဟု တစ်ချိန်က NLD ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်စုကြည်ပြောသကဲ့သို့ ဖြစ်နေမည်လား၊ အချို့နေရာများတွင် Closed List ဟုဆိုသော်လည်းမိမိနယ်မြေတွင် ဝင်ရောက် ရွေးကောက်ခံမည့်ပုဂ္ဂိုလ်မှာ ဦးဖြူဖြစ်သည်၊ ဦးနီဖြစ်သည်ဆိုသည်ကို မဲရုံများတွင် ဓာတ်ပုံများကပ်ထာပေးသည့် တိုင်းပြည်များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံက လုပ်ဆောင်မည့် PR စနစ်မှာ “ပါတီ ကိုပဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့” ဟုဆိုသောကြောင့် လေးတန်းအောင်လည်းရပါတယ်ဆိုသည့် ပုံစံမျိုး ဖြစ်မည်လား၊ မိမိတို့ပြည်သူလူထုက မိမိရွေးချယ်လိုက်သည့်ပုဂ္ဂိုလ်သည် မိမိနယ်မြေက အမတ်ဖြစ်သည်ကို သိနိုင်သည့် PR စနစ်ဖြစ်မည်လားဆိုသည်ကို မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်စေရန်တို့တိုနှင့် လိုရင်းဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
Closed List PR စနစ်ကိုအသုံးပြုမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းမှာ မေးခွန်းကောင်းတစ်ခုဖြစ်ကြောင်း၊ PR စနစ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်သတင်းစာ ရှင်းလင်းပွဲများတွင်လည်း မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ်တွေ့ဆုံခဲ့ကြောင်း တွေ့ဆုံခဲ့စဉ် နိုင်ငံ၏အနေအထားများအရ Closed List PR စနစ်ကို အသုံးပြုမည်ဟု အတည်ပြု ထားကြောင်း၊ ထိုအတိုင်းဆောင်ရွက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထား ကြောင်း၊ ပြဋ္ဌာန်းပြီးစီးပါက အတည်ဖြစ်သွားမည်ဖြစ်ကြောင်း၊ Closed List PR စနစ်၏ သဘောတရားအရ မဲဆန္ဒရှင်များသည် မဲပေးရာတွင် ပါတီကိုသာမဲပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲလက်မှတ်တွင် ပါတီအမည်နှင့် ပါတီ Logo သာပါမည်ဖြစ်ကြောင်း၊ ထိုဆန္ဒမဲ လက်မှတ်ဖြင့်သာဆန္ဒပြုရမည်ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလဆိုပါက တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၏ အမည်ပါမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အထက်ပါ ကိစ္စနှင့်ပတ်သက်၍ပါတီများသည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း မိမိတို့ထံတင်ပြရကြောင်း၊ ပါတီများက ဦးစားပေးအစီအစဉ်အတိုင်းပေးပို့လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုရရှိပါက ရွေးကောက်ပွဲတွင် ပါတီ၏အမည်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်၏ အမည်ကိုမဲပေးရကြောင်း၊ ထိုသို့ မဲပေးရာတွင်ရရှိလာသည့်မဲရလဒ်အပေါ်မူတည်ပြီး Largest Reminder Formula ကို အသုံးပြု၍ ကိုယ်စားလှယ်လောင်းအမည်စာရင်းအား သက်ဆိုင်ရာ ပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်း ထုတ်ပြန်ကြေညာပေးရကြောင်း၊ ထိုသို့မဲပေးရာတွင် ပါတီကိုသာ မဲပေးရခြင်းဖြစ်သည့်အတွက် သတင်းထောက်ကြီးမေးမြန်းသကဲ့သို့ ကိုယ်စားလှယ် လောင်းများအား မဲဆန္ဒရှင်များက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုသည့် အခန်းကဏ္ဍကို ထပ်မံထည့်သွင်းထားကြောင်း၊ ယခင်ဥပဒေတွင်မပါဝင်ကြောင်း၊ အသစ်ထပ်မံပြဋ္ဌာန်းခဲ့သည့် ဥပဒေအရအချိန်ကာလကိုလည်း လုံလောက်စွာသတ်မှတ်ပေးထားကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာလအတွင်း ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်ရာပါတီများအနေဖြင့် မဲဆွယ်စည်းရုံး ခြင်းနှင့် စုဝေးဟောပြောခြင်းများကို ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရာတွင်လည်း ကိုယ်စားလှယ်လောင်း၏ အမည်၊ ၎င်း၏ပါတီအမည်၊ ၎င်းပါတီ၏ Logo နှင့် ပုံစံ ၁၀ စာရင်းထွက်ကြောင်း၊ ထိုကိစ္စကိုယခင်ကလည်း ကြေညာပြီးဖြစ်ကြောင်း၊ အဆိုပါ ပုံစံ ၁၀ စာရင်းကိုလည်း သက်ဆိုင်ရာကော်မရှင်များက သတ်မှတ်သည့်နေရာတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့အတူ မဲဆွယ်စည်းရုံးရေးကာလတွင် သက်ဆိုင်ရာပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏အမည်နှင့် အချက်အလက်များကို ဗီနိုင်းများ၊ ပိုစတာများဖြင့်ကပ်ထားကြေညာ၍ စည်းရုံးဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့်မေးခွန်း၏ နောက်ဆုံးအချက်ဖြစ်သည့် မဲရုံများတွင် ကိုယ်စားလှယ်လောင်းများ၏ဓာတ်ပုံများ ကပ်ထားမည့်ကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရမည်ဆိုပါက ရွေးကောက်ပွဲနေ့တွင် မဲရုံများသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရမည့်နေရာမဟုတ်ကြောင်း၊ ထို့အပြင် မဲဆွယ်စည်းရုံးရာရောက်သည့် အခြေအနေများရှိနိုင်သည့်အတွက် သတင်းထောက်ကြီး မေးမြန်းခဲ့သည့် ကိစ္စကို ခွင့်ပြုပေးနိုင်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က NUG အစိုးရဟုခေါ်သည့်အဖွဲ့မှ ဒူဝါးလရှီးဝါးက ယခုလာမည့်ရွေးကောက်ပွဲကို မဲပေးနိုင်ခြင်းမရှိစေရေးနှင့် မအောင်မြင်စေရေးတို့အတွက် ၎င်းတို့အနေဖြင့် လမ်းကြောင်းနှစ်ကြောင်းဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
၎င်း၏ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရရှိရန်လိုအပ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကသတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စမှာ မိမိတို့ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်စွာမကျင်းပနိုင်စေရန်အတွက် နိုင်ငံရေးနည်း၊ စစ်ရေးနည်းများဖြင့် ဆောင်ရွက်သွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်ကိစ္စဖြစ်ကြောင်း၊ ထိုကြေညာချက်ကို မိမိတို့လည်းကြားသိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပနိုင်ရန်အတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများသည် ၎င်းတို့၏ဆန္ဒမဲများကို နှောင်ကြိုးများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများမပါဝင်ဘဲ လွတ်လပ်စွာဖြင့် ၎င်း၏ ဆန္ဒအတိုင်းမဲပေးနိုင်ခွင့်ရရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရရှိနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရန်လိုကြောင်း၊အဆိုပါ အခြေအနေမျိုးရရှိနိုင် ရန်အတွက် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ သတင်းထောက် ထက်ထက်အောင်က နိုင်ငံတကာအဖွဲ့အစည်းများက UEC နှင့် လာရောက်တွေ့ဆုံခဲ့ပြီး UEC ၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကျေနပ်လက်ခံခဲ့သည်ဟု သိရကြောင်း၊ ထိုကိစ္စကို နိုင်ငံတကာသို့ ပြန်လည်မျှဝေသွားမည်ဟု ပြောကြားခဲ့သည့်အဖွဲ့များ ရှိသည်ဟုလည်းသိရကြောင်း၊ ထိုကဲ့သို့သောအဖွဲ့အစည်း မည်မျှရှိသည်ကိုသိလိုကြောင်း၊ မည်သည့်နိုင်ငံများမှ မည်ကဲ့သို့သော အဖွဲ့အစည်းများဖြစ်သည်ကိုသိလိုကြောင်း၊ လက်ရှိတွင် UEC အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းမည်မျှနှင့် တွေ့ဆုံပြီးဖြစ်သည်ကို သိလိုကြောင်းနှင့် အဖွဲ့မည်မျှ နှင့် ထပ်မံတွေ့ဆုံရန်စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းသည့်ကာလမှ ယနေ့အချိန်အထိ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ အပါအဝင် ယခင်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တို့နှင့်သာမက အမေရိကန်နိုင်ငံ ဂျွန်ဟော့ ကင်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာကာဒီဂျက်ဆန်နှင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း၊ မိမိတို့ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေမှုများကိုလည်း ရှင်းပြနိုင်ခဲ့ကြောင်း၊ အပြန်အလှန်ကူညီနိုင်မည့်နည်းလမ်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဓိကပြောလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံနိုင်မည့် ရွေးကောက်ပွဲဖြစ်စေရန် ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြန်လည်ဖြေကြား သည်။
One News သတင်းဌာနမှဦးသွင်ထူးအောင်က ယခုကျင်းပမည့် ရွေးကောက်ပွဲစနစ်ကို PR စနစ်ဖြင့် လုပ်ဆောင်မည်ဟုသိရသောကြောင့်ထိုစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ် များရေးဆွဲပြီး ဖြစ်/မဖြစ်သိလိုကြောင်း၊ အဆိုပါ ရွေးကောက်ပွဲစနစ်ကို ပြည်သူများထံချပြရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
နိုင်ငံရေးပါတီများနှင့် လေးကြိမ်တိုင်တိုင်တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရွေးကောက်ပွဲနှင့် အဓိကသက်ဆိုင်သည့်အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများနှင့် လေးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးမှသာလျှင်Closed List PR စနစ်ကိုကျင့်သုံးရန် အတွက် အများစုက သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ် ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ဥပဒေ ထုတ်ပြန်ပြီးပါက အားလုံးသိရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် PR စနစ်နှင့်ပတ်သက်သည့် Civic Education ၊ Voter Education စသည့် ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း အဆင်သင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီး ပါက တောက်လျှောက်Follow Up ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် ရွေးကောက်ပွဲကျင်းပခြင်းကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ PR စနစ်ကိုအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူထုဆန္ဒခံယူပွဲကျင်းပရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
Cohesion News Agency မှ သတင်းထောက် ဦးရဲလင်းထွန်းက ယခုလာမည့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင်ကျင်းပမည်ဟု သိရကြောင်း၊ ထိုသို့ ကျင်းပရာတွင် ယခင်ရွေးကောက်ပွဲကာ လများကဲ့သို့ ပညာအရည်အချင်းကန့်သတ်ထားခြင်း ရှိ/မရှိ သိလိုကြောင်းနှင့် ဥစ္စာဓန Background သတ်မှတ်ထားခြင်း ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။
ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်းကို သတ်မှတ်နိုင်ရန်ဆောင်ရွက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လွှတ်တော်ကိုယ်စားလှယ်များသည် အချုပ်အခြာအာဏာသုံးရပ်တွင်ပါရှိသည့် ဥပဒေပြုရေးမဏ္ဍိုင်အတွက် အဓိကတာဝန် ထမ်းဆောင်ကြရသူများဖြစ်ကြောင်း၊ အလားတူ ရွေးကောက်တင်မြှောက်ခြင်းခံရပါက အုပ်ချုပ် ရေးမဏ္ဍိုင်အတွက် ပါတာဝန်ထမ်းဆောင်ကြရသူများဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် အရေးပါသူများဖြစ်ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့၏အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မားရန်လိုအပ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းနှင့် နိုင်ငံရေးပါတီများကို သွားရောက်စစ်ဆေးပြီးစီးခဲ့သည့် အခြေအနေများကိုသုံးသပ်၍ ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်းကို သတ်မှတ်သင့်သည့် အတိုင်းအတာတစ်ခုသတ်မှတ်နိုင်ရန်အတွက် ဥပဒေတွင်လျာထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အတည်ပြုပြဋ္ဌာန်း ပြီးပါကသိရှိနိုင်မည်ဖြစ်ကြောင်း၊ အလားတူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ၊ စီးပွားရေးတို့နှင့် ပတ်သက်၍ ကန့်သတ်ရန်မရှိကြောင်း၊ သို့သော် ပါတီများကို စစ်ဆေးသည့်အနေအထားအရ သက်ဆိုင်ရာပါတီများအနေဖြင့် ပါတီတစ်ခုချင်းအလိုက်ရှိသင့်သည့် ပိုင်ဆိုင်မှုအဖြစ် ပါတီ၏ ဘဏ္ဍာငွေရှိရန် လိုအပ်သည့်အတွက် ထိုကိစ္စကိုလည်း လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)