နေပြည်တော် ဇွန် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဆိုင်ရာ အခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် အမ်းမြို့နယ်သည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ခရိုင်အဖြစ်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများတွင် ကျောက်ဖြူမှတစ်ဆင့် သွားရန်မလိုဘဲ ပြည်နယ်သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ မြန်ဆန်ပြီးမြောက်နိုင်မည် ဖြစ်ကြောင်း၊ ခရိုင်၏ လုပ်ပိုင်ခွင့်သည် ကြီးမားပြီး တရားရေးဆိုင်ရာကဲ့သို့သော အဆုံးအဖြတ်ပေးနိုင်သည့် အခွင့်အာဏာများ ပေးအပ်ထားသဖြင့် ခရိုင်ဖွဲ့စည်းလည်ပတ်နိုင်ရေး လုပ်နိုင်သည်များ အမြန်ပြီးစီးအောင် လုပ်ဆောင်ရန်လိုကြောင်း၊ အမ်းမြို့နယ်သည် နိုင်ငံ၏အလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွက် ဝင်ထွက်ပေါက်နေရာဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ မင်းဘူးမြို့များသို့ သွားရောက်နိုင်သည့် စုံချက်နေရာဖြစ်၍ အရေးပါသော မြို့တစ်မြို့ဖြစ်ကြောင်း၊ ထိုကဲ့သို့ အရေးပါသော မိမိတို့တာဝန် ထမ်းဆောင်ရာ မြို့မှတဆင့် မဖြစ်သင့် မဖြစ်ထိုက်သည့် တရားမဝင်ကိစ္စရပ်များ၊ မဖြစ်သင့် မဖြစ်ထိုက်သည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ လုံးဝမဖြစ်စေရေး အမျိုးသားရေး အသိစိတ်၊ နိုင်ငံရေး အသိစိတ်၊ လုံခြုံရေး အသိစိတ်တို့ဖြင့် ဒေသနေပြည်သူများနှင့် ပူးပေါင်းကာကွယ်တားဆီးကြရန် လိုကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် နယ်မြေတည်ငြိမ် အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါက တည်ငြိမ်အေးချမ်မှုကို တွေ့နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် လက်နက်ကိုင်ပဋိက္ခများ အနည်းနှင့်အများ ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှစတင်၍ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ခေတ်အဆက်ဆက်တွင် အောင်မြင်ခဲ့သည်များ ရှိခဲ့သလို မအောင်မြင်မှုများလည်း တွေ့ခဲ့ရကြောင်း၊ အနီးစပ်ဆုံးကြည့်ပါက ၂၀၁၁-၂၀၁၅ ပါတီစုံဒီမိုကရေစီ ပထမအစိုးရ သက်တမ်းကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒုတိယပါတီစုံ ဒီမိုကရေစီအစိုးရကာလတွင် နှစ်ဖွဲ့ဖြင့် ထပ်မံလက်မှတ် ရေးထိုးနိုင်ခဲ့သဖြင့် ၁၀ ဖွဲ့အထိ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုအရ မြန်မာနိုင်ငံအတွင်းရှိ ပါတီစုံဒီမိုကရေစီစနစ်အား လိုလားဆန္ဒရှိကြသည့်၊ လက်ခံကြသည့် တိုင်းရင်းသား ပြည်သူလူထုအများစု၏ ဆန္ဒကို လက်ခံသဘောပေါက်ကြသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်၍ ထပ်မံလာရောက်ဆွေးနွေးမည့် အဖွဲ့များလည်း ရှိနေသေးကြောင်း၊ ငြိမ်းချမ်းရေးတွင် အဓိကလိုအပ်ချက်သည် ထာဝရငြိမ်းချမ်းရေးရရှိပြီး လက်နက်ကိုင်ပဋိပက္ခ လုံးဝထပ်မံ မဖြစ်ပေါ်စေရေးပင် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို မျှော်မှန်း၍ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တိုင်းရင်းသား၊ ပြည်သူတို့ လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို မူဘောင်အဖြစ် ရပ်တည်ကာ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုနှင့် ပြည်နယ်များ အာဏာကို ခွဲဝေအုပ်ချုပ်ခြင်းဖြစ်ပြီး ကျင့်သုံးသည့် နိုင်ငံအလိုက် ပုံစံအမျိုးမျိုး ကွဲပြားကျင့်သုံးကြကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း ဒေသ၊ လူမျိုး၊ သမိုင်းကြောင်းကို အခြေခံ၍ လိုက်လျောညီထွေသည့် ပုံစံဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုချင်သည့်အရာကို လက်နက်ကိုင်၍ တောင်းဆိုခြင်းထက် ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တောင်းဆိုခြင်း၊ ပြည်သူ့ကိုယ်စားလှယ်အနေဖြင့် လွှတ်တော်အတွင်း၌ တောင်းဆိုခြင်းသည် ပြည်သူလိုလားသော တောင်းဆိုနည်းအမှန် ဖြစ်ကြောင်း၊ အများပြည်သူ လိုလားသည့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ထားဆဲဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်များမှ နောက်ဆုံးအချက်ဖြစ်သည့် လွှတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် နယ်မြေတည်ငြိမ် အေးချမ်းရန်လိုကြောင်း၊ တည်ငြိမ်မှုမရှိပါက တရားမျှတသော ရွှေးကောက်ပွဲ ပြုလုပ်နိုင်မည်မဟုတ်သကဲ့သို့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် ရွှေးချယ်နိုင်မည် မဟုတ်ကြောင်း၊ ပြီးခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့သော ယာယီတိုက်ပွဲရှောင်များကို ယခုလို အေးချမ်းနေသည့်အချိန်တွင် မူလနေရာသို့ ပြန်လည်နေထိုင်နိုင်ရေးနှင့် အလုပ်အကိုင်ပုံမှန် ပြန်လည်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုကြောင်း။
စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ အမ်းမြို့သည် ကုန်းလမ်းပို့ဆောင်ရေးအရ အချက်အခြာကျသော နေရာဖြစ်သဖြင့် ပထဝီအနေအထားအရ ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ ဖန်တီးဖော်ဆောင်ပေးရန် လိုကြောင်း၊ အမ်းမြို့နယ်တွင် လူဦးရေ ၁၂၀၀၀၀ ကျော် နေထိုင်ပြီး အသားတင် စိုက်ပျိုးမြေဧက ၆ သောင်းကျော် ရှိသဖြင့် စိုက်ပျိုးမြေဧက လုံလောက်မှုရှိရာ စပါးအပါအဝင် အခြားသီးနှံများ ပန်းတိုင် အထွက်ရရှိအောင် လုပ်ဆောင်ခြင်းဖြင့် ဒေသဖူလုံမှုအပြင် ပြည်ပသို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ တိုင်းပြည်သာယာဝပြောရေးအတွက် ပန်းတိုင်အထွက် ပြည့်မီရန် လိုအပ်နေသဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ၊ အဆင့်မြင့်မျိုးကောင်း မျိုးသန့် ရရှိစိုက်ပျိုးနိုင်ရေး အကြံဉာဏ်ပေးခြင်း၊ ပညာပေးခြင်းဖြင့် ပံ့ပိုးသွားရန်လိုကြောင်း၊ မွေးမြူရေးအနေဖြင့် တပ်တောင်နှင့် ပတ်ဝန်းကျင် ကမ်းရိုးတန်းနေရာများသည် ရေလုပ်ငန်းဖြစ်ထွန်းနိုင်ပြီး ဂဏာန်း၊ ပုဇွန်၊ မွေးမြူမှုကို မိရိုးဖလာ သဘာဝမွေးမြူခြင်းအစား အဆင့်မြင့်နည်းပညာ ရယူ၍ သိပ္ပံနည်းကျ လုပ်ဆောင်ခြင်းဖြင့် စီးပွားဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဖြစ်ထွန်းအောင်မြင်သော ဒေသတို့မှ နည်းစနစ်များ လေ့လာစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ကူညီပေးသွားရန် လိုကြောင်း။
ကျန်းမာရေး၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ကျန်းမာရေးနှင့် ပညာရေးကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေးအစစ အဆင်ပြေမည်ဖြစ်၍ ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်စားသောက်ရန် လိုကြောင်း၊ အသက် ၅ နှစ်နှင့် ၁၂ နှစ်အကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုတွင် အမ်းမြို့နယ်အနေဖြင့် ၆၄ ဒသမ ၅ ရာခိုင်နှုန်းသာ ပြီးစီးထား၍ ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် စီးပွားရေးကို ထိခိုက်မှုအပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်သဖြင့် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး အကြားအလပ်မရှိ ကာကွယ်ဆေး ထိုးနှံပြီးစီးရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းပါဝင်ရန် ပြောလိုကြောင်း။
ပညာရေးကဏ္ဍတွင် အမ်းမြို့နယ်၌ ဆရာ၊ ဆရာမ ရာနှုန်းပြည့်နီးပါး လုပ်ငန်းတာဝန် ထမ်းဆောင်နေသည်ကို တွေ့ရကြောင်း၊ ဆရာ၊ ဆရာမများ၏ ကျောင်းသား၊ ကျောင်းသူများအပေါ် ပညာသင်ကြားရန် စည်းရုံးနိုင်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ ပုံမှန် ကျောင်းတက်သင်ယူနေမှုအပေါ် အားရကျေနပ်စရာ တွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ယခုထက်ပိုမို ကြိုးစားသွားရန်လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး KG+9 ပြီးမြောက်စေရန် ရည်မှန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ စက်သုံးဆီဈေးနှုန်းမှာ ဖြစ်ပေါ်နေသော ကမ္ဘာ့အရေး အရာများကြောင့် ဈေးနှုန်းတည်ငြိမ်မှု မရှိသည်ကို ကမ္ဘာနှင့်အဝှမ်း ခံစားနေရကြောင်း၊ အလားတူ စားသုံးဆီမှာလည်း ဈေးမြင့်တက်မှု ဖြစ်ပေါ်နေသဖြင့် မလိုအပ်ဘဲ မကုန်သင့်သည်များကို စိစစ်ချွေတာ သုံးစွဲကြရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံအလယ်ပိုင်းတွင် နေကြာအပါအဝင် ဖြစ်ထွန်းမည့် ဒေသအလိုက် ဆီထွက်သီးနှံများ သီးထပ်အဖြစ် စိုက်ပျိုးရေး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းမှတစ်ဆင့် စားအုန်းဆီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်နေကြောင်း၊ ဒေသတစ်ခု၊ မြို့နယ်တစ်ခု စီးပွားရေး ကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်သူများသည် အရေးကြီးကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ဟန်ချက်ညီ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်အောင် စည်းရုံးစွဲဆောင်နိုင်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ ဦးစီးဦးဆောင်သူများသည် ဒေသ၏ ယုံကြည်ကိုးစားမှုကို ရရှိလာမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားပြည်သူတို့၏ လိုအပ်ချက် အခက်အခဲများကို မှန်ကန်မြန်ဆန်စွာဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။