နေပြည်တော် ဇွန် ၁၃
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၈)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြန်လည်ဖွင့်လှစ်
သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၁၉၉၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာ ဆရာမ စုစုပေါင်း ၂၂၇၅၈၃ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဖွင့်လှစ်လေ့ကျင့်ပေးခြင်းကို ရပ်ဆိုင်းခဲ့ရာမှ နိုင်ငံတော်အတွက် လိုအပ်ချက်အရ ၂၀၂၂ ခုနှစ် မှ နိုင်ငံတော်အကြီးအကဲများက ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေးရန် လမ်းညွှန်ခဲ့သည့်အတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း။
သင်တန်းတွင် ဆရာ ဆရာမများအား နိုင်ငံတော် ၏ မူဝါဒလုပ်ငန်းစဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်စေရန်၊ ဆရာ့သိက္ခာနှင့် ဆရာ့ကျင့်ဝတ်များကို သဘောပေါက်တန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ အခြေခံစစ်ပညာကို နားလည်သဘောပေါက်စေရန်နှင့် မိမိနိုင်ငံတော် အစဉ်တည်တံ့ခိုင်မြဲဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှုများ ဖြစ်လာ စေရန်၊ ဆရာ ဆရာမများ၏ စိတ်ဓာတ်ခံယူချက်များ မြှင့်တင်ပြောင်းလဲကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသဘောတရားများ သိရှိနားလည်လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း။
ထိရောက်ကောင်းမွန်သောသင်တန်း
ယခုကဲ့သို့ သင်တန်းကို တက်ရောက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးခြင်း၊ သင်ကြားမှုနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများ အပြန်အလှန် ဖလှယ်ခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဒေသန္တရဗဟုသုတများ အပြန်အလှန် လေ့လာနိုင်ခြင်း၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်း ဆွေးနွေးနိုင်ခြင်း၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး ထိရောက်ကောင်းမွန်သော သင်တန်းဖြစ်သည့်အတွက် ပို့ချပေးသည့် ဘာသာရပ်သင်ခန်းစာများကို လေ့လာမှတ်သားဆည်းပူးပြီး နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦး၏ စိတ်ဓာတ်ရေးရာ၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက်များ ပိုမိုခိုင်မာလာသည့် ဆရာ ဆရာမ များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၂ ဦး၊ သင်တန်းသူ ၃၇၃ ဦး စုစုပေါင်း ၄၆၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်