Skip to main content

ပလတ်စတစ်အန္တရာယ် ဝိုင်းဝန်းလျှော့ချကာကွယ်

ကမ္ဘာတစ်ဝန်းတွင် လူသားများအသုံးပြုနေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်းအမျိုးအစား စုစုပေါင်းတစ်သိန်းကျော်ရှိပြီး ဓာတုပစ္စည်းအသုံးပြုမှုများကို စနစ်တကျ စီမံဆောင်ရွက်နိုင်မှုမရှိပါက ပတ်ဝန်းကျင်နှင့် လူသားများကျန်းမာရေးကို ဆိုးရွားပြင်းထန်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုစီမံဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပြောကြားထားသည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ကမ္ဘာတစ်ဝန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုများနှင့်ဆက်နွှယ်၍ နှစ်စဉ်လူခုနစ်သန်းခန့် အသက်ဆုံးရှုံးနေကြောင်း သိရသည်။ လူတို့အနေဖြင့် နေ့စဉ်နေ့တိုင်း ရောဂါဘယအမျိုးမျိုးဖြင့် အသက်ဆုံးရှုံးနေကြရာတွင် ဖြစ်ပေါ်လာသော ရောဂါဘယများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည်ကို သတိမမူမိကြပေ။ ရောဂါတစ်မျိုးမျိုးကြောင့် အသက်ဆုံးရှုံးရသည်ဟူသော အသိဖြင့်သာ ပြီးဆုံးသွားကြသည်။ ထို့ကြောင့် သက်ဆိုင်ရာတို့က ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံးမှုများရှိနေကြောင်း သတိပေးနေကြရသည်။

ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်းပမာဏ တန်ချိန် ၁၁ ဒသမ ၂ ဘီလီယံ ခန့်ကို နေရာအမျိုးမျိုးတွင် စွန့်ပစ်နေကြသည်။ စွန့်ပစ်ပစ္စည်းများတွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများမှာ တန်ချိန်ရှစ်သန်းခန့်ရှိပြီး ထိုပစ္စည်းများသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်၊ သမုဒ္ဒရာအတွင်းသို့ရောက်ရှိကာ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မျက်မှောက်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ်မတ်လတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဒုတိယပိုင်းတွင် ဥပဒေအရစည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးမျိုးတို့ကို များသောအားဖြင့် မြို့ပြများတွင် တွေ့ကြုံခံစားကြရသည်။ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုများနှင့် စွန့်ပစ်အမှိုက်ညစ်ညမ်းမှုများကို ကြုံတွေ့နေရသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့အစည်းများက နေ့စဉ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသော်လည်း လူတို့၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် စွန့်ပစ်အမှိုက်ပြဿနာဖြေရှင်းနိုင်ရေးမှာ ကြီးမားသောစိန်ခေါ်မှုများအဖြစ်ရှိနေသည်။ အထူးသဖြင့် လူသုံးကုန်ပစ္စည်း စွန့်ပစ်ပလတ်စတစ်အမှိုက် ပြဿနာများမှာ ကြီးမားနေဆဲဖြစ်ပြီး ယင်းကိုဖြေရှင်းနိုင်ရန် လမ်းညွှန်မှာကြားချက်များနှင့်အညီ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ကုန်ပစ္စည်းများကို ထုပ်ပိုးရာတွင် မဖြစ်မနေအသုံးပြုရန် လိုအပ်သည့်အခါမှသာ ပလတ်စတစ်အိတ်ထုပ်ပိုးမှုနှင့် အသုံးအဆောင်များသာ အသုံးပြုသင့်သည်။ စွန့်ပစ်ပစ္စည်းများလျှော့ချရေး တိုက်တွန်းချက်ဖြစ်သည့် Reduce လိုသလောက်သာသုံးရန်(လျှော့ချသုံးစွဲရန်)၊ Reuse စွန့်ပစ်ပစ္စည်းအချို့ကို ပြန်လည်သုံးစွဲရန်၊ Recycle ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲရန်ဟူသည့် နည်းလမ်းများကို လက်တွေ့အကောင် အထည်ဖော်ကြရမည်ဖြစ်သည်။ အဆိုပါတိုက်တွန်းချက်အတိုင်း နိုင်ငံသူနိုင်ငံသားများ လိုက်ပါလုပ်ဆောင်ကြပါက နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမည်ဖြစ်သည်။

ဖော်ပြပါနည်းလမ်းသုံးသွယ်သည် အအောင်မြင်ဆုံး စွန့်ပစ်ပစ္စည်းလျှော့ချနည်း များဖြစ်ပြီး ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကျင့်သုံးနေကြသည်။ စွန့်ပစ်အမှိုက်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာတို့က သတ်မှတ်ထားသော စည်းကမ်းများရှိသည်။ လိုက်နာရန်ပျက်ကွက်ပါက အရေးယူရမည့်ဥပဒေများလည်းရှိသည်။ သို့သော် လူတို့အနေဖြင့် လိုက်နာရန် အားနည်းလျက်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက စည်းကမ်းထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်ပြုလုပ်သင့်သည်။ စွန့်ပစ်လိုက်သော အမှိုက်များတွင် အိမ်ထောင်စုထွက် အမှိုက်များမှာအများဆုံးဖြစ်၍ အသိပညာ ပေးရေး၊ စည်းကမ်းထိန်းသိမ်းရေးသည် အရေးကြီးသည်။

ရန်ကုန်မြို့တွင် အမှိုက်ထွက်နှုန်းမှာ နေ့စဉ်တန်ချိန် ၂၃၀၀ မှ ၂၅၀၀ အထိ ရှိနေသည်။ နေ့စဉ်များပြားလာသောအမှိုက်များအား နိုင်နင်းစွာထိန်းချုပ်ဆောင် ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များကို အဓိကသက်ဆိုင်သည့် စည်ပင်သာယာရေးအဖွဲ့များနှင့် ဆက်စပ်အဖွဲ့များက လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ စွန့်ပစ်အမှိုက်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် ဖော်ပြပါ နည်းလမ်းသုံးသွယ်အပြင် အခြားထိရောက်သောနည်းလမ်းများဖြင့်ပါ ဆောင်ရွက်သွားမည်ဖြစ်၍ အနာဂတ်တွင် မြို့ပြသန့်ရှင်းသာယာလှပပြီး ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာရန်အတွက် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။