Skip to main content

၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီ တွင်ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)

သူရိယနေဝန်းသတင်းဌာနမှသတင်းထောက် ဒေါ်သဇင်ဦးက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် အလေးအနက်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လာရောက်ဆွေးနွေးနေကြသည်မှာ လေးဖွဲ့မြောက်ရှိပြီဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့သုံးဖွဲ့အပြင် ဆွေးနွေးဆဲ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် UWSA “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီအဖွဲ့မှ ဆွေးနွေးနေ သည်ကိုတွေ့ရကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့်လွန်ခဲ့သည့်နှစ်ပေါင်း၃၀ ကျော်မှ လက်ရှိအချိန်အထိ တစ်လျှောက်လုံးငြိမ်းချမ်းရေးရရှိခဲ့သည့်အပြင် တပ်မတော်နှင့်လည်း စစ်ရေးပြဿနာများ မရှိသည့်အဖွဲ့ဖြစ်ကာ အကြမ်းဖက် PDF များနှင့်လည်း ပတ်သက်ဆက်နွှယ်ခြင်းမရှိသည့်အတွက် UWSA နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးရလဒ်ကို လည်းများစွာမျှော်လင့်မိပါကြောင်း၊ ဆွေးနွေးဆဲကာလတွင် UWSA အနေဖြင့် Statement တစ်စောင်ကိုထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် UWSA အနေဖြင့် ပြည်ထောင်စုပြိုကွဲရေးအတွက်၎င်းတို့အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုကြီးမှလည်း မည်သည့်အချိန်မျှ ခွဲထွက်မည်မဟုတ်ဟု ကတိပေးခဲ့ကြောင်း၊ သို့သော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကို တောင်းဆို ထားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် UWSA နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတို့ မည်သို့သောသဘောတူညီချက်များ ရရှိထားပြီဆိုသည့်အခြေအနေနှင့် ၎င်းတို့တောင်းဆိုချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်မှလိုက်လျောရန် အစီအစဉ်ရှိ/ မရှိနှင့် အခြားအဖွဲ့များနှင့် မည်သို့သောသဘောတူညီချက်များ ရရှိပြီးဆိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ကြေညာချက်ထုတ်ထား

ဗိုလ်ချုပ်ဇော်မင်းထွန်းက UWSP နှင့် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီးကြေညာချက် ထုတ်ထားသည်ကိုလည်း မီဒီယာများသိပြီးဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် UWSP ဒုတိယဥက္ကဋ္ဌတို့တွေ့ဆုံရာတွင်“ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်ပတ်သက်ပြီး တင်ပြ ခဲ့သည်များရှိကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့်ဖွဲ့စည်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဆိုပါက မည်မျှနှင့်ဖွဲ့စည်းရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများတွင် ခရိုင်မည်မျှ ပါရှိရမည်ဆိုသည့် ကန့်သတ်ချက်များပါရှိကြောင်း၊ ယင်းတို့သည် အခြေခံဥပဒေတွင်မပါသော်လည်း အခြေခံဥပဒေကို မူလရေးဆွဲစဉ်ကတည်းက အခြေခံဥပဒေရေးဆွဲချိန်တွင် ဆွေးနွေးခဲ့ သည့်အခြေခံအချက်အလက်များတွင်ပါပြီးဖြစ်ကြောင်း၊ ယင်းအပေါ်မူတည်ပြီး မိမိတို့ကဆောင် ရွက်ရကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားမည်ဖြစ်ကြောင်း၊ ထိုစနစ်ကိုသွားရာတွင်အခြေခံဥပဒေ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဆိုသည်ကို မူဝါဒအနေဖြင့် တပ်မတော်ဘက်က သဘောတူပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုကိုပြောကြားပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုလျှင် မိမိတို့နိုင်ငံသည် ယခင်ကတည်းက ပြည်ထောင်စုအနေ ဖြင့်တည်ရှိခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် Holding Together နိုင်ငံဖြစ်ပြီး Coming Together နိုင်ငံမဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ခွဲမထွက်ခွင့်ဆိုသည့် အာမခံချက် ကိုတောင်းဆိုခဲ့ကြောင်း၊ ခွဲမထွက်ဆိုသည့်အာမခံချက်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဆိုလျှင် ဘာများထပ်တောင်းစရာလိုသေးသလဲဟု မိမိအနေဖြင့်ပြောခဲ့ ကြောင်း၊ မိမိတို့အနေဖြင့် “ဝ” ကိစ္စနှင့် ပတ်သက်လာပြီး မူဝါဒအားဖြင့် ယခုလိုပုံစံမျိုးသို့မဟုတ် ယခုလိုပုံစံမျိုးထက်ပို၍မြင့်သည့်ပုံစံမျိုးပေးနိုင်ရန် အတွက်ယေဘုယျမူဝါဒအားဖြင့်ရှိပြီးဖြစ်ပါကြောင်း၊ ယင်းဒေသတစ်ခုတည်းမဟုတ်ဘဲအခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ယခုထက်ပိုမိုဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ မိမိပြောခဲ့သည့် နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ဒီမိုကရေစီစနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်းတစ်ထပ်တည်းမရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေး အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် လိုက်လျောညီထွေရှိပြီး သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့် ပုံစံလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေခြင်းသည် ယင်းသို့လုပ်ဆောင်နိုင်ရန် အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် အဓိကပြဋ္ဌာန်းထားသည်မှာ ပုဒ်မ-၄၃၆ (က) (ခ)တွင် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ၇၅ရာခိုင်နှုန်းကျော်က (က) တွင် သဘောတူရမည်ဖြစ်ကြောင်း။

ပုဒ်မပေါင်း ၃၀၀ ခန့်ရှိမည်

ထို့နောက် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၅၀ ရာခိုင်နှုန်း ကျော်ကသဘောတူညီလျှင်ရရှိရမည်ဖြစ်ကြောင်း၊ အဆိုပါပုဒ်မများသည်ပုဒ်မပေါင်း ၃၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးတည်းဖြစ်သောကြောင့် ယခုအချိန်တွင်တပ်မတော်နှင့် သဘောတူညီမှုရပြီး ဆိုလျှင် နောင်လွှတ်တော်တွင် တိုင်းရင်းသားများ၏အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်ကသဘောတူညီပြီးဖြစ်ကြောင်း၊ ထိုလွှတ်တော်အထဲရောက်ရှိလာမည့် လွှတ်တော်အမတ်များက လည်း သဘောတူကြမည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံရေးပါတီများဖြင့်လည်း ဆွေးနွေးမှု များပြုလုပ်နေကြောင်း၊ နိုင်ငံရေးပါတီများနှင့်ဆွေးနွေးရခြင်းမှာ အဆိုပါနိုင်ငံရေးပါတီများ ကနောင်တစ်ချိန်တွင် လွှတ်တော်ဖြစ်လာကြမည်ဖြစ်သောကြောင့် ၎င်းတို့၏သဘောထားများကို ကြိုတင်စုစည်းခြင်းများ၊ ဆွေးနွေးခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးအနှစ်ချုပ်ပြောရလျှင် ပါတီစုံဒီမိုကရေစီစနစ်ကိုအာမခံပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကိုအာမခံပြီးဖြစ်ကြောင်း၊ ယင်းမူဘောင်နှစ်ခုထဲမှညှိနှိုင်း ဆွေးနွေးတိုင်ပင်အဖြေရှာပြီး လုပ်၍ရသမျှအရာများကို မူဝါဒသဘောထားအရမိမိတို့အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ ဦးသွင်ထူးအောင်က မကြာသေးခင်ကာလကအမေရိကန်သမ္မတသည် ဂျပန်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံသို့သွားခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုခရီးစဉ်တွင်ဂျပန်နှင့် ကိုရီးယားပြည်သူအချို့ ဆန္ဒပြကြသည်ကိုတွေ့ရကြောင်း၊ ထိုခရီးစဉ်တွင် အမေရိကန် သမ္မတအနေဖြင့် ထိုင်ဝမ်ကိစ္စနှင့်ပတ်သက်၍ ထိုင်ဝမ်ကို အကာအကွယ်ပေးမည့်ပုံစံပြောကြားသွားသည်ကိုတွေ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ ရပ်တည်ချက်မည်ကဲ့ သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကယင်းကိစ္စတွင် အမေရိကန်သမ္မတ၏ ပြောကြားချက်များကို အချို့ သတင်းများတွင်တွေ့ရကြောင်း၊ ထိုင်ဝမ်နှင့် ပတ်သက်လျှင် ယူကရိန်းနိုင်ငံနှင့်မတူဘဲ ထိုင်ဝမ်ကို အကာအကွယ်ပေးမည့်ပုံစံပြောခဲ့ခြင်းရှိကြောင်း၊ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းရှိကြောင်း၊ တရုတ်နိုင်ငံဘက်က အာရှပစိဖိတ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာသဘောတရားများနှင့်ပတ်သက်ပြီး အချို့စကားလုံးများ သည် ထောင်ချောက်များဖြစ်သည်ဆိုသည့် သဘောမျိုးပြောကြားသည်ကို တွေ့ရကြောင်း။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ တစ်လျှောက်လုံး ထိုသို့ရပ်တည်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို စတင်ထူ ထောင်ပြီးကြေညာသည့်နေ့တွင် အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများတွင်မြန်မာနိုင်ငံ ပါဝင်ကြောင်း၊ မိမိမှတ်မိသလောက်အစောဆုံးအသိအမှတ်ပြုသည့်နိုင်ငံများက ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံသည်တစ်နေ့ တည်းတွင်အချိန်ပိုင်းသာကွာပြီး အစောဆုံးအသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းကတိုင် NLD လက်ထက်တွင် တရုတ်သမ္မတလာစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် ထိုစဉ်ကတည်းက One China Policy တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ်တွင်ပြတ်ပြတ် သားသားရပ်တည်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မိမိတို့မူဝါဒသည် မပြောင်းလဲကြောင်း၊ One China Policy တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ်တွင် မိမိတို့ပြတ်ပြတ်သားသား ရပ်တည်မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Bloomberg Myanmar သတင်းဌာနမှ သတင်းထောက်ဦးမြင့်ဇော်က လက်ရှိတွင် စက်သုံးဆီ ဈေးနှုန်းများတက်နေပြီး လျှပ်စစ်မီးများကလည်းပုံမှန်မရကြောင်း၊ မိမိတို့နေ့စဉ် အသုံးပြု နေသည့်အခြေခံစားသောက်ကုန်ပစ္စည်းများက ဈေးများတက်နေကြောင်း၊ ယခုအချိန်တွင် ဘဲဥ တစ်လုံး ၃၀၀ ကျပ်ခန့်ဖြစ်နေကြောင်း၊ ဝင်ငွေထွက်ငွေမမျှတမှုများကြီးမားလာကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေခြင်းနှစ်မျိုးရှိ ကြောင်း၊ နံပါတ်တစ်အနေဖြင့်ဈေးနှုန်းနှင့်ပတ်သက်ပြီး ပြောကြကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဝယ်လို့မရဘူးဆိုပြီးပြောကြသည်များရှိကြောင်း၊ ဈေးနှုန်းများနှင့်ပတ်သက်ပြီး နှိုင်းယှဉ်ကြည့် လျှင် အိမ်နီးနားချင်းနိုင်ငံများနှင့် အာရှတွင်းနိုင်ငံများ၏ ဈေးနှုန်းများရှိကြောင်း၊ ဆီဈေးနှုန်း တက်ခြင်းသည် တစ်ကမ္ဘာလုံးတွင်ဖြစ်နေကြောင်း၊ အာဆီယံနိုင်ငံများ၏ ဆီဈေးနှုန်းနှင့်နှိုင်း ယှဉ်ကြည့်လျှင်သိနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်ဆီတစ်လီတာ ၁ ဒသမ ၂ ဒေါ်လာရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃ ဒေါ်လာ၊ ထိုင်းနိုင်ငံတွင်၁ ဒသမ ၅ ဒေါ်လာ၊ စင်ကာပူနိုင်ငံတွင်၂ ဒသမ ၂ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၄ ဒေါ်လာ၊ မလေးရှား နိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့တွင် ၀ ဒသမ ၄ ဒေါ်လာ၊ လာအိုနိုင်ငံတွင် ၁ ဒသမ ၆ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁ ဒသမ၂ ဒေါ်လာ၊ ကမ္ဘောဒီးယား ၁ ဒသမ ၃ ဒေါ်လာ ထိုအာဆီယံ ၁၀ နိုင်ငံများထဲတွင် မြန်မာနိုင်ငံထက်ဈေးလျော့သည့်နိုင်ငံသည် မလေးရှားနိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့ ဖြစ်ကြောင်း။

ကျန်သည့်နိုင်ငံများသည် မိမိတို့နိုင်ငံထက် ဓာတ်ဆီဈေးနှုန်းကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းကိုနှိုင်းယှဉ်ကြည့်လျှင် တွေ့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဆီဈေးနှုန်းမတိမ်းမယိမ်းဖြစ်နေသည့်နိုင်ငံများ၊ ဆီဈေးကြီးသည့် နိုင်ငံများရှိကြောင်း၊ယင်းသည် နိုင်ငံတကာတွင်ဖြစ်ပျက်နေသည့် ဆီဈေးနှုန်း များဖြစ်ကြောင်း၊ ဆီဈေးနှုန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး သက်သာအောင်လုပ် ပေးနိုင်သည့် နည်းလမ်းနှစ်လမ်းရှိကြောင်း၊ နံပါတ်တစ်နည်းလမ်းက ဆီနှင့်ပတ်သက်ပြီး အခွန်နှုန်းဖြစ်ကြောင်း၊ အစိုးရကလည်းဓာတ်ဆီကိုမဝယ်ကြောင်း၊ ကုန်သည်များကပဲဝယ်ယူပြီး တင်သွင်းကြောင်း၊ တင်သွင်းလာပြီးခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆီနှင့်ပတ်သက်ပြီးမိမိတို့ အခွန်နှုန်းကိုအနိမ့်ဆုံးဖြစ်အောင်လျှော့ချလုပ်ဆောင်ပေးထားကြောင်း၊ ဆီနှင့်ပတ်သက်ပြီး ကြိုက်သည့်နေရာတွင်ဝယ်၊ ဝယ်ပြီးလျှင်ဒေသအတွင်းတွင်ရှိသည့် စင်ကာပူက MOPE ဈေးနှုန်းကိုအခြေခံပြီး တွက်ချက်ကြောင်း၊ နေ့စဉ်ဖြစ်နေသည့်အခြေခံဈေးနှုန်းအပေါ်တွင် နံပါတ်တစ်ကအခွန်ထပ်ပေါင်းကြောင်း၊ နံပါတ်နှစ်က ပြည်တွင်းခရီးအကွာအဝေးကိုဆိုလိုခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တွင်ရှိသည့် ဆီဈေးနှုန်းနှင့် မန္တလေးတွင်ရှိသည့်ဆီဈေးနှုန်းမတူနိုင် ကြောင်း၊ ခရီးအကွာအဝေးကိုကြည့်ပြီး အနိမ့်ဆုံး၊ အမြင့်ဆုံးမည်သည့်ဈေးနှုန်းဖြင့်သတ်မှတ်ရ မည်ဟူ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့စွမ်းအင်ဆီဈေးနှုန်းမငြိမ်သက်သဖြင့် မြန်မာနိုင်ငံတွင်းဆီဈေးနှုန်းသည် ကမ္ဘာ့စွမ်းအင်ဆီဈေးနှင့်အညီဖြစ်နေမည်ဖြစ်ကြောင်း။

ဓာတ်ဆီ၊ ဒီဇယ်လုံလောက်မှုသည် ၁၆ ရက်အထိ အပြည့်အစုံတင်သွင်းပြီးပြီဖြစ်ကြောင်း၊ သို့သော် လမ်းခရီးနှောင့်နှေးကြန့်ကြာနိုင်ခြင်းရှိကြောင်း၊ အချို့ကအချင်းချင်းအပြစ်ပြောကြ ကြောင်း၊ ကုန်သည်အနေဖြင့် ယနေ့ပေါက်ဈေးအပေါ်မူတည်ပြီးတွက်ခြင်းဖြစ်ကြောင်း၊ တင်သွင်းလာသည့် ဈေးနှုန်းအပေါ်မယူဘဲ MOPE ပေါက်သည့်ဈေးပေါ်မူတည်ပြီး အခွန်နှင့်ပေါင်းပြီးဈေးနှုန်းသတ်မှတ်ကြကြောင်း၊ အချို့နေရာများတွင် နောက်နေ့ဈေးနှုန်းတက်နိုင်သည့် အယူအဆဖြင့် လမ်းခရီးတွင်ကြန့်ကြာနေခြင်းမျိုးရှိကြောင်း၊ ပြည်တွင်းလမ်းခရီးတွင် ကြန့်ကြာ နေခြင်းမျိုးလည်းရှိကြောင်း၊ ယင်းကိစ္စများကိုညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။

ထိန်းညှိဆောင်ရွက်

သို့သော်ကုန်သည်များသည်အမြဲရှုံးနေသည် လားဆိုလျှင်အမြဲမရှုံးကြောင်း၊ ၎င်းတို့ဝယ်လာ သည့်ဈေးနှုန်းသည် ယနေ့ပေါက်ဈေးထက်နည်းနေလျှင်မြတ်ခြင်း၊ ယနေ့ပေါက်ဈေးသည် ၎င်းတို့ဝယ်လာသည့်ဈေးနှုန်းနှင့်မကိုက်လျှင်ရှုံးခြင်းများလည်းရှိကြောင်း၊ ထိုအကွာအဟကြား ထဲ၌ ရှုံးသည့်အချိန်တွင် အချို့ရပ်တန့်နေခြင်းမျိုးရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ယင်းကိစ္စများကိုမဖြစ်အောင် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်များတွင် ကမ္ဘာ့ကုန်ဈေးနှုန်းများကိုလိုက်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးအပိုင်းဖြစ်သည့် အခွန်အနည်းဆုံးလျှော့ကောက်ခံခြင်း၊ ထိန်းညှိပေးသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှအယ်ဒီတာချုပ်ဦးဝဏ္ဏက KIA ခေါင်းဆောင်ဗိုလ်ချုပ်ကြီးအင်ဘန်လကို လွန်ခဲ့ သည့် နှစ်ပတ်ကအွန်လိုင်းစာမျက်နှာ၌ နယ်စပ်တစ်နေရာတွင် တုတ်ကောက်ကြီးဖြင့် တွေ့ရကြောင်း၊ KIA ခေါင်းဆောင်ထွက်လာသည့်အတွက် တုတ်ကောက်နှင့်လည်းဖြစ်နေပြီး ကျန်းမာရေးမကောင်းကြောင်း၊ ယင်းကြောင့်ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်ချုပ်ဂန်ရှောင်တို့က လွှဲယူတော့မည်လား၊ KIAသည် တပ်မတော်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးကိစ္စ များလုပ်ဆောင်သော်လည်း ယခုထိမပါဝင်ကြောင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းမျိုးလည်းရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့လုပ်ဆောင်မည်လဲဆိုသည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကလူမှုကွန်ရက် စာမျက်နှာပေါ်မှ KIA ခေါင်းဆောင်အင်ဘန်လသည် တံတားတစ်ခုပေါ်တွင် တုတ်ကောက်ဖြင့် ရိုက်ထားသည့်ပုံကိုအချို့တွေ့ရကြောင်း၊ အချို့က မှတ်ချက်အမျိုးမျိုးပေးကြကြောင်း၊ KIA တွင် ဂွမ်မော်တို့ကို နေရာလွှဲပြောင်းပေးမည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း၊၎င်းတို့နှင့်ပတ်သက်ပြီးKIA ခေါင်းဆောင် ဓာတ်ပုံရိုက်ထားသည့်တံတားသည် တရားဝင်တံတားမဟုတ်ကြောင်း၊ နယ်စပ်ဒေသဖြတ်ကျော်မှုများတွင် တရားဝင်တံတားများရှိကြောင်း၊ ထိုသတင်းကို အများကြားနေကျအတိုင်း ကြားသိရကြောင်း၊ ခိုင်လုံသည့် သတင်းဟုတ်၊ မဟုတ် မိမိတို့စုံစမ်းလျက်ရှိကြောင်း၊ ခိုင်လုံသည့်သတင်းဖြစ်လျှင် မီဒီယာများကို အသိပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်အားပေးအား မြှောက်လုပ်နေ ခြင်းများကိုလည်းတွေ့ရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ မန္တလေးမြို့တို့တွင်တွေ့လိုက်သည့်လက်နက်များသည် ယင်းအဖွဲ့အစည်းကထုတ်နေသည့် လက်နက်များဖြစ်ကြောင်း၊ ၎င်းတို့ ကိုယ်တိုင်ဝင်ရောက်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမြောက်ဘက်၏ အောက်ပိုင်း အထိရောက်လာပြီး အကုန်လုံးက PDF များနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများလုပ်ဆောင်နေကြောင်း၊ သတင်းများကိုရရှိလာလျှင် ဆက်လက်ပြောပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

Voice of Myanmarသတင်းဌာနမှ သတင်းထောက်ဦးမောင်မောင်ထွန်းက KNU အဖွဲ့မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တက်လိုသည့်အဖွဲ့၊ မတက်လိုသည့်အဖွဲ့ဟုသဘောထားကွဲလွဲ နေသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စပေါ်တွင် KNU ဥက္ကဋ္ဌအနေနှင့်ကျန်သည့်အဖွဲ့ဝင်များ နှင့် လည်းအငြင်းပွားမှုများရှိသည်ဟုကြားသိရကြောင်း၊ KNU ကတက်ရောက်မည့်သူများရှိ သည်ဟု ကြားသိရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားကိုသိလိုကြောင်း၊ ကျောင်းပြန်ဖွင့်လျှင် CDM ဆရာ၊ ဆရာမများ ပြန်လာမည်ဆိုပါက လစာဖြတ် မည်လား၊ ဖမ်းဆီးချုပ်နှောင်ထားမည်လားဆိုသည်ကိုသိလိုပါကြောင်း၊ အစားထိုး ဆရာ ဆရာမ များကို မည်သည့်အရည်အချင်းနှင့်ခန့်ထားသည်ကို သိလိုကြောင်း၊ ကျောင်းသား ကျောင်းသူ များ၏လုံခြုံရေးအတွက် မည်သို့စီစဉ်ထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU အဖွဲ့နှင့် ပတ်သက်ပြီး မိမိတို့ငြိမ်းချမ်းရေးဆွေးနွေးမှုမတိုင်ခင် စတင် ဖိတ်ခေါ်ခဲ့စဉ်ကပင် သတင်းကြားသိရကြောင်း၊ ၎င်းတို့လည်းကြေညာထားကြောင်း၊ KNU အဖွဲ့ထဲ၌ မဲခွဲဆုံးဖြတ်မှုများ၊ ဗဟိုကော်မတီမှ ဥက္ကဋ္ဌသာတက်ရောက်ရန်သဘောတူပြီး ကျန်သည့်သူများတက်ရောက်ရန် သဘောထားတင်းမာပြီး တက်ရောက်ရန် သဘောထားမတူသည့်အတွက်ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီးမတက်ရောက်ဖြစ်ဟု သတင်းကြားသိရကြောင်း၊ ယခုနောက်ပိုင်းတွင်လည်း ထပ်မံပြီးသဘောထားကွဲလွဲကြသည်ဟု ကြားသိရကြောင်း၊ ထိုသတင်းကို မိမိတို့အတည် မပြုနိုင်သေးကြောင်း၊ တက်လိုသည့်အဖွဲ့များလည်းရှိသည်ဟု ကြားသိရကြောင်း၊ မိမိတို့အနေဖြင့် KNU အဖွဲ့မှမဟုတ်ဘဲ ကျန်သည့်အဖွဲ့များကိုလည်း သဘောထားတစ်ခုတည်းဖြစ်ကြောင်း၊ မိမိတို့ကဖိတ်ခေါ်ထားသည့်အတိုင်း လာရောက်မည်ဆို လျှင်မိမိတို့အနေဖြင့် ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့က နံပါတ်တစ် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်ဟုသတ်မှတ်ထားကြောင်း၊ နံပါတ်နှစ် ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

CDM ဆရာ၊ ဆရာမများ

CDM ဆရာဆရာမများနှင့်ပတ်သက်ပြီး မနေ့ကလည်း ထပ်မံ၍အချိန်တိုးမြှင့်ပေးထားကြောင်း၊ စာရင်းအရ ၅၀၀၀ ကျော်ပြန်လည်ပြီး အလုပ်ဝင်ရောက်ရန် စာရင်းတင်သွင်းထားသည်မှာ စာရင်းအရ ၅၀၀၀ ကျော်တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အစားထိုး ဆရာ၊ ဆရာမများနှင့် ပတ်သက်ပြီးမိမိတို့က နေ့စဉ်သတင်းလည်းထုတ်ပြန်ထားကြောင်း၊ ၎င်းတို့ကို သင်တန်းများပေးခဲ့ ကြောင်း၊ သင်တန်းများပေးခဲ့ပြီး မှဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းလုံခြုံရေးနှင့်ပတ်သက်ပြီး ယခင်နှစ်ကကျောင်းဖွင့်သည့်အချိန်၌ မိမိတို့ဆောင်ရွက်ခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများအပြင် ကျောင်းသားမိဘများ၊ ရပ်မိ ရပ်ဖများ၊ စစ်မှုထမ်းဟောင်းများလည်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ပိုမိုလုံခြုံမှုရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့နောက် CDM ဆရာ ဆရာမများနှင့်ပတ်သက်ပြီး ပြန်လည်ဝင်ရောက်မှုလုပ်ထုံးလုပ်နည်းများ အစားထိုးဆရာ၊ ဆရာမများကိစ္စကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသေးစိတ်ရှင်းပြမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CDM လုပ်ပြီးပြန်လည် ဝင်ရောက်လာသည့်ဆရာ ဆရာမများကိုမိမိတို့ကပြန်လည်စစ်ဆေးပြီး ခန့်အပ်ထားသည်မှာ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အားလုံးလည်းအေးအေးချမ်းချမ်းနှင့် စာသင်ကြကြောင်း၊ လစာဖြတ်ခြင်း၊ဖမ်းဆီးချုပ် နှောင်ထားခြင်းတို့မရှိကြောင်း၊ လိုအပ်သည့် ဆရာ၊ ဆရာမများကို နေ့စဉ်သတင်းစာများတွင် ကြော်ငြာထည့်၍ခေါ်ယူခဲ့ပြီး စာမေးပွဲစစ်ခဲ့ကြောင်း၊ မွမ်းမံသင်တန်းများ တက်ခိုင်းပြီးမှသာ ကျောင်းများသို့စေလွှတ်ခဲ့ကြောင်း ဖြည့်စွက်ဖြေကြားသည်။

Myanmar Nation Voices မှ သတင်းထောက် ရဲလင်းထွန်းက ကျောင်းအပ်နှံရေးဆောင်ရွက်ရာ တွင် အခက်အခဲပေါင်းစုံရှိနေပါကြောင်း၊ စာသင်ခန်းကို သွားချင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း စာသင်ခန်းတွင်းမဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြပါ ကြောင်း၊ အကြမ်းဖက်ဟန့်တားနှောင့်ယှက်နေကြသူများကို ဖမ်းဆီးမိလျှင်စစ်ဆေးပြီး ပြစ်မှုများထင်ရှားလျှင် သေဒဏ်စီရင်ချမှတ်သည်ဟုသိရပါကြောင်း၊ ကျောင်းသား ကျောင်းသူ များ ပညာသင်ခွင့်မရအောင် ဟန့်တားနှောင့်ယှက်နေခြင်းမှာ အနာဂတ်အတွက် ရင်လေး ဖွယ်ရာဖြစ်ပါကြောင်း၊ အစိုးရနှင့်တပ်မတော်ကိုသာ မျက်နှာလွှဲပုတ်ချနေမည့်အစား ဗိုလ်ချုပ် ပြောခဲ့သကဲ့သို့ ပြည်သူများကလည်း တစ်ဖက်တစ်လမ်းက ကူညီသင့်သည့်အရေးကိစ္စဖြစ် ကြောင်း၊ အကယ်၍ပြည်သူများက ကူညီမည်ဆိုလျှင် အစိုးရနှင့်တပ်မတော်အနေဖြင့် မည်သို့မည်ပုံ စီစဉ်ပေးနိုင်မည်ဆိုသည်ကို သိလိုကြောင်း၊ ပြည်သူများ၏ ကူညီမှုကို လက်ခံနိုင်မည်လားဆိုသည်ကိုသိချင်ကြောင်း၊ သေဒဏ်စီရင်ချက်ချခံရသည့် အကြမ်းဖက်များ ကို သေဒဏ်အစား အမှန်တကယ်သေမိန့်ပေးစေလိုပါကြောင်း၊ မဟုတ်လျှင် လွတ်ငြိမ်းချမ်းသာ ခွင့်အဆက်ဆက်များနှင့် ပြစ်ဒဏ်များပေါ့လျော့လာပြီး အချိန်တန်လွတ်မည်ဆိုသည့် အတွေးများနှင့် သေဒဏ်ပြစ်မှုကိုမကြောက်လန့်ဘဲ ဆက်လက်ပြီးအကြမ်းဖက်ဖျက်ဆီးကာ နိုင်ငံတော်နှင့်ပြည်သူကို ဆက်လက်နှောင့်ယှက်နေမည်ဖြစ်ကြောင်း၊ သေဒဏ်အစားသေမိန့်ကို အမှန်တကယ်ပေးမည်လားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ကျောင်းများလုံခြုံရေး

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ကျောင်းများလုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုပါဝင်နိုင်မည်ဆိုလျှင် မည်သူမဆိုလှိုက်လှဲစွာ ပါဝင်နိုင်သည်ဟုပြောလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းရပ်မိ၊ ရပ်ဖများလည်း ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွင် ရာဇဝတ်မှုများကျူးလွန်ရာ၌ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ ကျူးလွန်သည်များ တွေ့ရကြောင်း၊ ရက်ရက်စက်စက်သတ်ဖြတ်သည်များတွေ့ရကြောင်း၊ ထို့ကြောင့်တရားဥပဒေ ဆိုသည်မှာ အားလုံးကိုညီတူညီမျှတရား စီရင်ရန်ဖြစ်ကြောင်း၊ နစ်နာသူများနှင့် နစ်နာဆုံးရှုံး အောင်ပြုလုပ်သူများ၏ကြားထဲတွင် မိမိတို့ကမျှတသည့်တရားစီရင်ရေးဖြစ်ရန်၊ မျှတသည့်ပြစ်မှု၊ ပြစ်ဒဏ်များဖြစ်မှသာလျှင် တရားဥပဒေထိရောက်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေနှင့် အကြမ်းဖက်မှုများကိုထိရောက်စွာ ဟန့်တားစေနိုင်သည့် အပြစ်ပေးမှုမျိုးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပါဝင်ဆောင်ရွက်၍ရကြောင်း၊ ကျောင်းများ၏လုံခြုံရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ခဲ့ခြင်းရှိကြောင်း၊ ကျောင်းသား၊ ကျောင်းပြင်နှင့် ကျောင်းဝင်းလုံခြုံရေးတို့တွင် ပြည်သူလူထုများပါဝင်လာမည်ဆိုပါက မိမိတို့အနေဖြင့် အချိန်မရွေးလက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အချို့နေရာများ၌ ပြည်သူလူထု ပါဝင်သည့်လုံခြုံရေးစနစ်နှင့် ကာကွယ်ရေးစနစ်ဟုပြောခဲ့ကြောင်း၊ အချို့ဒေသတွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ပြီး ပြည်သူ့ စစ်များနှင့်လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နယ်တွင်ဖြစ်စေ၊ မြို့ပေါ်တွင်ဖြစ်စေ၊ လုံခြုံရေးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များနှင့်ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်သွားမည်ဆိုလျှင် အသိအမှတ် ပြုပါကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်ကြရန်မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ သတင်းထောက်ဦးကိုကိုကြီးက တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် NCA လက်မှတ်ထိုးထားသောအဖွဲ့များ၊ မထိုးရ သေးသောအဖွဲ့များနှင့်တွေ့ဆုံခြင်းများကို နိုင်ငံပိုင်သတင်းစာများတွင်တွေ့ရကြောင်း၊ တစ်ချိန်တည်းတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲထားသည့်အချိန်တွင် ကရင် ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သေဘော့ဘိုးစခန်းကို KNU နှင့် အပေါင်းအပါအဖွဲ့များက သိမ်းပိုက်ခဲ့သည်ဟုသိရပါကြောင်း၊ ယခုအခါတပ်မတော်နှင့် နယ်ခြားစောင့် BGF တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်နေသည်ကိုလည်းသိရှိရကြောင်း၊ သေဘော့ဘိုးစခန်း၏ နောက်ဆုံးဖြစ်စဉ် အခြေအနေကိုသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းစခန်းသည် ယခင်ကတပ်စုအဆင့်အင်အား တပ်စွဲခဲ့သည့်စခန်း ဖြစ်ကြောင်း၊ ရန်သူမှအင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်ဘက်မှလည်း ပြန်လည်ချေမှုန်းခဲ့ကြောင်း၊ ရန်သူဘက်တွင် တော်တော်များများအထိနာကြောင်း၊ မိမိတို့ဘက် တွင်လည်းဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးသူများလည်းရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လိုအပ်သည့်နေရာများတွင် စစ်ဆင်ရေးများဆောင်ရွက်နေကြောင်း၊ စစ်ဆင်ရေးကိစ္စဖြစ်သည့်အတွက် လိုအပ်သည့်နေရာများတွင် လိုအပ်သောလုံခြုံရေးဆောင်ရွက်မှုများ၊ လိုအပ်သောစစ်ဆင်ရေး ဆောင်ရွက်မှုများပြုလုပ်နေကြောင်းကိုသာ မိမိအနေဖြင့်ဖြေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

နေပြည်တော် Online သတင်းဌာနမှ အယ်ဒီတာချုပ်ဦးမင်းမောင်ကမိမိအနေဖြင့် မေးခွန်းမမေး မီ အကြံပြုတင်ပြချက်တစ်ခုတင်ပြလိုကြောင်း၊ တရားဝင်စစ်ဆေးပြီးဖွင့်လှစ်ခွင့်ရရှိထားသည့် ကိုယ်ပိုင်ကျောင်းများ အချိန်နှင့်တစ်ပြေးညီပြန်လည်ဖွင့်လှစ်ခွင့်ကို နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ပေးစေလိုကြောင်း၊ ကျောင်းသားများအချိန်မီအပ်နှံနိုင်ရေး၊ နယ်ဝေးနေရာမှ နေပြည်တော်သို့လာရောက်အပ်နှံမည့် ကျောင်းသားများသည် အဆောင်ငှားရမ်းခြင်းကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ၌ အခက်အခဲများစွာကြုံတွေ့ရကြောင်း၊ အဆိုပါအခက်အခဲများ အဆင်ပြေစေရေးအတွက် ကျောင်းဖွင့်လှစ်ခွင့်အား အမြန်ဆုံးထုတ်ပြန်ကြေညာပေးစေလို ကြောင်း၊ ၂၀၂၁ ပညာသင်နှစ်တွင် CDM မပြုလုပ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်အောက်တွင် စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများသည် သင်တန်းတက်ရောက်ခွင့်မရရှိခဲ့ကြကြောင်း၊ အဆိုပါဝန်ထမ်းများသည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊ ကျောင်းတစ်ကျောင်းတွင် ဆရာဆရာမအနည်းဆုံး ၂၀ ဖြစ်ကြောင်း၊ ကျောင်း ၁၆ ကျောင်းတွင် ၃၂၀ ခန့် အလုပ် လက်မဲ့ဖြစ်သွားသည်ဟုသိရကြောင်း၊ အဆိုပါ ဆရာ၊ ဆရာမများအား ဆက်လက်တာဝန်ထမ်း ဆောင်နိုင်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြန်လည်ခွင့်ပြုပေးနိုင်ပါရန် အကြံပြုတင်ပြအပ်ပါကြောင်း၊ မိမိမေးလိုသည်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ပိတ်သိမ်းရန်စိစစ်ဆောင်ရွက်နေသောပုဂ္ဂလိကကျောင်းများ မည်မျှပိတ်သိမ်းပါမည်နည်း၊ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပုဂ္ဂလိကကျောင်းအချို့ကို ပိတ်သိမ်းရန် ရှိ/မရှိ၊ ရှိပါကလည်း ထိုကျောင်းများ၏အမည်ကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ တရားဝင်ထုတ်ပြန်ပေးရန်ရှိ/မရှိနှင့် အဘယ့်ကြောင့်ပိတ်သိမ်းရသည့်အကြောင်းကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိသိရှိသရွေ့ပြောရလျှင် နေပြည်တော်ရှိပုဂ္ဂလိကကျောင်းတချို့ ပိတ်သိမ်းရခြင်းသည်နိုင်ငံရေးနှင့်မလွတ်ကင်းသည်များ ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အကြံပြုချက်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်ကျောင်းများဖွင့်မည်ဆိုပါကဦးစွာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှောက်ထားရကြောင်း၊ သတ်မှတ်ချက်များ နှင့် ညီ/မညီ ပညာရေးဝန်ကြီးဌာနကစစ်ဆေးပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့များက ထောက်ခံချက်ပေးရကြောင်း၊ ထို့နောက် အခြေခံပညာဦးစီးဌာနသို့ရောက်ရှိ ကြောင်း၊ ထိုမှတစ်ဆင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူ၍ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများခန့်အပ်ခြင်း၊ မခန့်အပ်ခြင်းသည်သက်ဆိုင်ရာကိုယ်ပိုင်ကျောင်းများ၏ မူဝါဒပင်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွက်ဖက်ခြင်းမရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)