ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ မြို့နယ်ပညာရေးမှူးရုံးတွင် မေလ ၃၁ ရက်နေ့က ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့်အလျောက် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်း၊ ပညာရေး ဝန်ထမ်းများအတွက် လစာထုတ်ပေးခြင်းတို့ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားတို့က မိုင်းထောင်ဖောက်ခွဲခြင်းကြောင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ခြောက်ဦးနှင့် အရပ်သားဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့မှုအပေါ် အဖွဲ့အစည်း အသီးသီးတို့က လက်မခံကန့်ကွက်ခြင်း၊ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းတို့ဖြင့် သဘောထား ထုတ်ပြန်လျက်ရှိသည်။
အကြမ်းဖက်သမားတို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နေရာသည်လည်းကောင်း၊ အချိန်အခါ သည်လည်းကောင်း မလုပ်သင့်မလုပ်ထိုက်သည့်နေရာနှင့် အချိန်အခါဖြစ်ပြီး အသက်သေဆုံး ဒဏ်ရာရရှိခဲ့ကြသူများမှာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြစ်ခြင်းကြောင့် အကြမ်းဖက်အဖွဲ့အစည်းနှင့် လက်အောက်ခံ အကြမ်းဖက်သမားများ၏ အသိဉာဏ်ကင်းမဲ့ မိုက်မဲမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့မှာ ပို၍ပေါ်လွင်ထင်ရှား လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် မည်သည့်အစိုးရအဖွဲ့က တာဝန်ယူသည်ဖြစ်စေ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေး မြှင့်တင်မှုကို အလေးထား၍ ဆောင်ရွက်ရန် လိုအပ်နေသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်အထက် (အရွယ်ရောက်ပြီးသူများ) ထဲတွင် အလယ်တန်း အဆင့်နှင့် ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းခန့် (နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်) ရှိနေသည်ကို တွေ့ရသည်။ သူငယ်တန်းတွင် ကျောင်းစတက်ခဲ့ သူ တစ်သန်းခွဲတွင် တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာသူ ၂၇၀၀၀၀ ကျော်သာရှိသည်။ ကျောင်းစတက်ခဲ့သူ ကျောင်းသား ၁၀၀ လျှင် ၉၀ သည် တက္ကသိုလ်ဝင်တန်းမရောက်မီ လမ်းခုလတ်တွင် ကျန်ရစ်ခဲ့သည်။ အမျိုးသားပညာရေး မြှင့်တင်ရန်အတွက် နှစ် ၃၀ ပညာရေး စီမံကိန်းသည်လည်းကောင်း၊ အလွတ်ကျက်ပညာရေးစနစ်ကို တွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ အလေးပေးသည့် ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲစေမည့် သင်ရိုး ညွှန်းတမ်းများသည်လည်းကောင်း ယခင်အစိုးရများက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ ဖြစ်ပြီး လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်မူ ကျောင်းသူ ကျောင်းသား များ၏ စဉ်ဆက်မပြတ် ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကျဆင်းလာသည်နှင့်အမျှ ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်သည်။
ကျောင်းများမဖွင့်ရေး၊ ဆရာ ဆရာမများက စာမသင်ရေး၊ ကျောင်းသား ကျောင်းသူများ ကျောင်းမတက်ရေး သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ၊ ကာယကံမြောက် ဖောက်ခွဲ ဖျက်ဆီးသတ်ဖြတ်မှုများက ပြည်သူလူထု၏ သားသမီးကလေး ငယ်များ ပညာသင်ကြားခွင့်ကို ဖျက်ဆီးခြင်းဖြစ်ပြီး ကလေးများပညာမဲ့စေရန်နှင့် နိုင်ငံ၏အနာဂတ်တွင် လူ့စွမ်းအား အရင်းအမြစ်များ နိမ့်ကျအားနည်းနေစေရန် အတွက်သာဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ အတွက်လည်း ပညာမဲ့မှုများက အန္တရာယ်ကျရောက်စေနိုင်သည့် အခြေခံအကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်းများကို တားဆီးပိတ်ပင်မှုဟူသမျှ၊ အကြမ်းဖက်မှုဟူသမျှ ကန့်ကွက်ရှုတ်ချအပ်ပါကြောင်း။ ။