ပုဂံမြို့ မေ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကို ဖူးမြော်ကြည်ညိသည်။
ယင်းနောက် လောကနန္ဒာစွယ်တော်မြတ် စေတီတော်နှင့်လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့၏ မြစ်ကမ်းပါးများကို ဧရာဝတီမြစ်ရေတိုက်စားမှုမှကာကွယ်ရန် မြစ်ကမ်းပါးထိန်းသိမ်းမှု လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုမိုးဦးကာလရောက်ရှိပြီဖြစ်သဖြင့် မြစ်ရေမတိုးမီဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူကြိုတင်ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် စေတီပုထိုးများ ထိခိုက်မှုမဖြစ်စေရန် အနော်ရထာလမ်း၏ (၂)နေရာ၌ ရေကျော်လုပ်ငန်း ဆောင်ရွက်ရန်နေရာသို့ ရောက်ရှိပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လက်ဖက်ကန်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ယနေ့ထိ တည်မြဲနေခြင်းသည် ပုဂံခေတ်ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း၊ ဆက်လက်ပြီး တည်တံ့ခိုင်မြဲစေရန်အတွက် ပုဂံခေတ်ရေလမ်းကြောင်းများကို စနစ်တကျဖော်ထုတ် ထိန်းသိမ်းသွားမှသာ ပုဂံဒေသအတွင်းတွင် ရေစီးရေလာ ကောင်းမွန်ပြီး ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းမှာကြားပြီး ရေလမ်းကြောင်းဖော်ထုတ်ပြုပြင်နေသည့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းနန်သူကျေးရွာရှိ လေးထောင့်ကန်ဦးသို့ ရောက်ရှိပြီး လေးထောင့်ကန်နှင့် ရေစစ်ကန်သို့ ရေဝင်ရောက်မှု၊ ရေဝင်လမ်းကြောင်း၊ ရေပိုလွှဲမှရေများ စီးဆင်းသွားသည့် လမ်းကြောင်းများကိုလည်းကောင်း၊ ယုန်လွှတ်ကျွန်း (ပထမနန်းတော်ရာ) တူးဖော်သုတေသနလုပ်ငန်း ဆောင်ရွက်သည့်နေရာသို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်