Skip to main content

၂၀၂၁-၂၀၂၂ Mini Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန် မေ ၁၃

“၂၀၂၁-၂၀၂၂ Mini Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီဝင်များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ Assessment Center တာဝန်ခံများ၊ Chief Assessor/Assessor များ၊ Inspector များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ချက်များသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အဓိကကျသည့် လုပ်ငန်းဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်သူအားလုံး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး ၂၀၂၁-၂၀၂၂ Mini Budget အတွင်း ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ခြင်းလုပ်ငန်း များကို ကိုဗစ်-၁၉ ကာလအတွင်း ကန့်သတ်ဆောင်ရွက်ခဲ့ရသဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် လျာထားချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရမည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိက ဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း စက်မှုဇုန်များရှိ အထည်ချုပ် စက်ရုံများနှင့် အထည်ချုပ်လုပ်ငန်း စစ်ဆေးအကဲဖြတ်ရေးဌာန အရေအတွက်ကို နှိုင်းယှဉ်ကြည့် ပါက အချိုးမညီသဖြင့် စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးချုပ်များ ပိုမိုမွေးထုတ်၍ စစ်ဆေးအကဲဖြတ်ရေးဌာနများ တိုးချဲ့တည်ဆောက်ပေးပြီး အလုပ်ရှင်၊ အလုပ် သမားများမှ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးရာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် အနည်းဆုံး ကုန်ကျစရိတ်ကို ကာလပေါက်ဈေးအမှန်ဖြင့် တွက်ချက်တင်ပြရန် လိုကြောင်း၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ရေး ချီးမြှင့်ငွေများကို သတ်မှတ်နှုန်းအတိုင်း ပေးချေရန်လိုကြောင်း၊ Assessment Center များ သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန်နှင့် စစ်ဆေးမှုလုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်  ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  CVT Myanmar သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းတာဝန်ခံ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာမှ CVT Myanmar သင်တန်းကျောင်း၏ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက MOU သက်တမ်းကာလအတွင်း MOU ၏ ရည်ရွယ်ချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေး မှာကြားပြီးသက်မွေးသင်တန်းကျောင်းကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်