နေပြည်တော် ဧပြီ ၁၁
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲကို ဧပြီ ၈ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ နိုင်ငံ ဝန်ထမ်းများက တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
တစ်နှစ်တာကာလအတွင်းနိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများ ပပျောက်ကြစေရန်၊ နှစ်သစ်တွင် တက်ကြွပျော်ရွှင်စွာ နိုင်ငံ့အကျိုးဆတက်ထမ်းပိုး စွမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်ကျင်းပသည့် မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အရာထမ်း အမှုထမ်းများ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဌာနများအလိုက် ဧည့်ခံကျွေးမွေးကြသည့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာ သုံးဆောင်ကြရာ ဦးစီးဌာနများ၊ တက္ကသိုလ်များ၏ ကိုယ်စားပြုအဖွဲ့များက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
အခမ်းအနားတွင် အတာရေများ အပြန်အလှန် ပက်ဖျန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဦးစီးဌာနများ၊ တက္ကသိုလ်များ၏ ကိုယ်စားပြုအကအဖွဲ့များအား အမှတ်တရဆုများ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်