Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မန္တလေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဧပြီ ၁၀

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ခရီးသွားလာရေးဆိုင်ရာအချက် အလက်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များ လွယ်ကူစွာရယူနိုင်ရန် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းတာဝန်ခံနှင့် ဌာနဆိုင်ရာများ၊ လေဆိပ်တာဝန်ရှိသူများနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မန္တလေး ဇုန်ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အစည်းအဝေးအခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ကို ပန်းခင်းစီမံချက် ဖြင့် ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ခရီးသွားဝန်ဆောင်မှုပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေမည့် ခရီးစဉ်များနှင့် ခရီးစဉ်ဒေသများကို ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် Enchanting Myanmar Health and Safety Protocol (HSP) အစီအစဉ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ဒေသအဆင့်နှင့် နိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ် ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကွာရန်တင်းထားမည့် ဟိုတယ်များကိုလည်း နိုင်ငံအဆင့် (HSP) အသိအမှတ်ပြုလက်မှတ်ရရှိရေး မဖြစ်မနေဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း စနစ်တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်လွဲပိုင်းတွင် ပြည်‌ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ပြင်ဦးလွင်ဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချရသည့် ဝန်ဆောင်မှုပေး နိုင်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ခရီးသွားများ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိနိုင်ရန် ဟိုတယ်များအနေဖြင့် နိုင်ငံအဆင့် (HSP)အသိ အမှတ် ပြုလက်မှတ် ရရှိအောင် ဆောင်ရွက်ထားသင့်ကြောင်း၊ ပြင်ဦးလွင်ဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တ ကျဖွံ့ဖြိုးတိုးတက်လာစေရန် ကာလတို/ကာလရှည် အစီအမံများ ရေးဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲများနှင့် သိရှိလိုသည် များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)