မြန်မာနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာမှာ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ပြည်သူ့စစ်မဟာဗျူဟာအရ လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိသော်လည်း ယနေ့အချိန်အထိ ကျင့်သုံးနိုင်ခြင်း မရှိသေး။ အခြေ အနေ၊ အချိန်အခါတို့က တောင်းဆိုလာသည့် အနာဂတ်တစ်ချိန်ချိန်တွင်မူ မလွဲမသွေ ကျင့်သုံးကြရတော့မည်ဖြစ်သည်။
လက်ရှိကာလတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တပ်မတော်က ထမ်းဆောင်နေခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်တွင် ဝင်ရောက်စစ်မှုထမ်းဆောင်နေကြသည့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ အားလုံးမှာ မိမိတို့၏ သဘောဆန္ဒအလျောက်သာ တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းဆောင်ခဲ့ကြခြင်း ဖြစ်သည်။ တပ်မတော်တွင် စစ်သည်အဖြစ် ဝင်ရောက်စစ်မှုထမ်းရန် အတွက် သတ်မှတ်ထားသည့် အသက်အရွယ်၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့ ပြည့်စုံရန် လိုအပ်သည်။ ထို့အပြင် မိမိတို့၏ သဘော ဆန္ဒအလျောက် ထမ်းဆောင်လိုသူများလည်း ဖြစ်ရမည်ဖြစ်သည်။
“ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမယ့်သူတွေဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်တွေကို ထမ်းဆောင်နေကြသူတွေဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်နှင့် အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး ဒို့တပ်မတော်သားတွေဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြတာ ဖြစ်တယ်”ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၇၇)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ရာ တပ်မတော်တွင် စစ်မှုထမ်းဆောင်နေကြသည့် တပ်မတော်သားများမှာ ကိုယ်ပိုင်ဆန္ဒဖြင့် အများအကျိုးအတွက် တာဝန်ထမ်းဆောင်နေကြခြင်းကို ဂုဏ်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်အတွက် စစ်သည်များ စုဆောင်းရာတွင် အရွယ်မရောက်သေးသူများနှင့် ဆန္ဒမပါသူများ လည်းမှားယွင်းပါရှိ လာမှုများရှိခဲ့ရာ ယင်းသို့ မှားယွင်းခဲ့သည့် တာဝန်ရှိသူ အရာရှိနှင့် စစ်သည်များကို အရေးယူပြီးအသက်မပြည့်သေးသည့် စစ်သည်ကို တပ်မတော်မှ နုတ်ထွက်စေကာ မိဘထံ ပြန်လည် လွှဲပြောင်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် “အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ” က တပ်မတော်စစ်သားစုဆောင်းရေး တပ်များအပါအဝင် တပ်သားသစ်များစုဆောင်းမှုများတွင် စိစစ် ကြပ်မတ်မှုများ၊ ပညာပေးမှုများ၊ အရေးယူမှုများကို ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်တွင် မှားယွင်းစုဆောင်းမိခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၂၉ ဦးကို နုတ်ထွက်စေ၍ မိဘထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်စိစစ်တွေ့ရှိရသည့် အသက်မပြည့်စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့တပ်မတော် အနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း မပျက်မကွက် အကောင်အထည်ဖော်နေသော်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက် ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ် အစီရင်ခံစာတွင်တစ်ဖက်သတ်ပြန်လည် စာရင်းသွင်းခဲ့ခြင်းကမူနားမလည်နိုင်စရာဟု ဆိုရမည်ဖြစ် ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်