ခန္တီး ဧပြီ ၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေးသည်။
ထို့နောက် ခရိုင်ပညာရေး လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ စာမေးပွဲ ကြီးကြပ်ဆောင်ရွက်ခဲ့သော ဆရာ ဆရာမများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးအကာအကွယ်ပေးအဖွဲ့တို့အား တွေ့ဆုံပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ယခုကဲ့သို့ မိမိတို့တပည့်များ ပညာရေးကို ဆရာ့ဝတ္တရားများနှင့်အညီ သင်ကြားပြသပေးနေခြင်းကို ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ အသိပညာတိုးတက်မြင့်မားရေးအတွက် သင်တန်းများ၊ ဆွေးနွေးဟောပြော ခြင်းများ၊ အားကစားပြိုင်ပွဲများနှင့် သင်တန်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့တပည့် များကို စာတတ်ရုံသာမက ပညာတတ်လူတော်လူကောင်းများ၊ ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ စစ်ဗျူဟာမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့က ဆရာ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် တပ်တွင်း မွေးမြူ / စိုက်ပျိုးထွက်ရှိသော ကြက်ဥနှင့် အသီးအနှံများ လက်ဆောင်ပေးအပ်၍ ရင်းနှီးခင်မင်စွာ နှုတ်ဆက် အားပေးခဲ့သည်။
သတင်းစဉ်