နေပြည်တော် ဧပြီ ၆
ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာ နိုင်ငံအလိုက်သုတေသနအစီရင်ခံစာ (Country Report)အတွက် ပြင်ဆင်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအား ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ကာလအလွန်တွင် စနစ်တကျ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Develop ment Plan)၊ ဝန်ကြီးဌာနက ရေးဆွဲထားခဲ့သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Myanmar Tourism Master Plan)တွင် ပါဝင်သည့် မဟာဗျူဟာအစီအစဉ် (၆)ခုနှင့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည် ထူထောင်ရေးမဟာဗျူဟာ လမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap) တွင် ပါဝင်သည့် လုပ်ငန်းစီမံချက်များအပေါ်အခြေခံ၍ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ကြိုးစားဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းများ တက္ကသိုလ်၊ ကောလိပ်များမှ လည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခု ရေးသားဆောင်ရွက်မည့် နိုင်ငံအလိုက် သုတေသန အစီရင်ခံစာကိုလည်း ဝန်ကြီးဌာန၊ အသင်းအဖွဲ့များ အနေဖြင့် အားတတ်သရော ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း အမျိုးအစားအားလုံး ဖွံ့ဖြိုးတိုးတက်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းခရီးသွားများ အပါအဝင် ခရီးသွားအားလုံးအတွက် အတားအဆီးမဲ့ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) စီမံချက်များကိုလည်း ခရီးစဉ် ဒေသအားလုံးတွင် ရေးဆွဲဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် လက်တွေ့ကျသော စီမံချက်များ ပေါ်ထွက်လာရေးအတွက် ပါဝင်ကူညီပေးစေလိုပါကြောင်း၊ မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန်သာမက နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းအတွက်ပါ ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
ခရီးသွားလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ခြင်းသာမက ယခုကဲ့သို့ သုတေသနစာတမ်းများ ရေးသားပြုစုခြင်း၊ ရရှိလာသော ရလဒ်များအပေါ် နှိုင်းယှဉ်အကဲဖြတ် လေ့လာသုံးသပ်ခြင်းများ၊ စဉ်ဆက်မပျက် အကောင်အထည်ဖော်ခြင်းဖြင့် ရှေ့လုပ်ငန်းစဉ်များကို ကောင်းစွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီမံကိန်းခေါင်းဆောင် ပါမောက္ခ ဒေါက်တာ သင်းသင်းမြင့်က နိုင်ငံအလိုက် သုတေသနအစီရင်ခံစာ ရေးသားပြုစုခြင်းဆိုင်ရာ ရည်ရွယ်ချက်၊ သုတေသနပြုလုပ်မည့် နယ်ပယ်ကဏ္ဍ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းစီမံချက်များ၊ အကျိုးသက်ရောက်မှုများနှင့် စစ်တမ်းကောက်ယူ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အွန်လိုင်းမှ တက်ရောက်လာကြသူများက သုတေသနဆိုင်ရာ မေးခွန်းများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
(သတင်းစဉ်)