Skip to main content

ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ

ထား၀ယ်  မတ်  ၁၁

ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း အသေးစားနှင့် လက်လုပ်လက်စား လုပ်ကိုင်နေကြသူများနှင့် လုပ်ကိုင်ဆောင်ရွက်လိုကြသော သတ္တုလုပ်ငန်းရှင်များ အနေဖြင့်ငွေကြေး၊ အချိန်အတော်အသင့် ကုန်ကျမှုရှိသည့် IEE၊ EMP ရေးဆွဲမည့်အစား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သတ်မှတ်သော ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ တင်ပြပုံစံများကို မိမိတို့ကိုယ်တိုင် ပြည့်ပြည့်စုံစုံ ရေးဆွဲနိုင်ရန်အတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြ ပေးပြီး ဆက်စပ်ပတ်သက်သူများ၏ အပြုသဘောဆောင်သော အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းရန် လိုကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် သတ္တုလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန်အတွက် ပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသား ပတ်ဝန်းကျင် အရည်အသွေး (ထုတ်လုပ်မှု) လမ်းညွှန်ချက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ သတ္တုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် သတ္တုလုပ်ငန်းများအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ  စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမော်က ဓာတ်သတ္တု လက်လုပ် လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ နှင့် ဓာတ်သတ္တုအသေးစား တူဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာ၀န်ခံအရာရှိ ဦးထွန်းထွန်းဦးက ဓာတ်သတ္တု လက်လုပ်လက်စားနှင့် အသေးစားလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ပတ်၀န်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် EMP Format အပေါ် သုံးသပ်တင်ပြပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်စိုးက ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာလိုက်နာရမည့် စည်းကမ်းများချက်များကို ရှင်းလင်းပြော ကြား၍ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူက ဓာတ်သတ္တုအသေးစား တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများအား  IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format ပါ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူကြများက ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းများ အတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဓာတ်သတ္တု အသေးစား တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format အပေါ် အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတိုင်းဒေသကြီး လုပ်ကွက်ချထားရေးအဖွဲ့ ဥက္ကဋ္ဌဦးလှထွေးက အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့များ၊  သတ္တုလုပ်ငန်းရှင်များ၊  လူမှုအဖွဲ့အစည်းများ၊ တက်ရောက် ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)