နေပြည်တော် မတ် ၁၀
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ယခုလအတွင်း ကစား ရမည့် ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့ရသော်လည်း လေ့ကျင့်မှုပြုလုပ်ရန် ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့သည်။
လေ့ကျင့်မှုပြုလုပ်မည်
လေ့ကျင့်မှုများကို မတ် ၁၂ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် မတ်၂၆ ရက်တွင် ဂျပန်အသင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရန်ရှိသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့်ရွှေ့ဆိုင်းကြောင်း မတ် ၉ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသူများမှာ သက်ဆိုင်ရာကလပ်များနှင့် ပူးတွဲလေ့ကျင့်နေခြင်း၊ ခရီးသွားလာခြင်းများ ခက်ခဲနိုင်သောကြောင့် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ၎င်းစတင်ကိုင်တွယ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရွေးချယ်ခဲ့သည့် ကစားသမားအများစုကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ ကျင်းပနေသည့် ၂၀၂၀ ရရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြပြီး ဇယားထိပ်ဆုံးသို့ ရောက်ရှိနေသည့် ဟံသာဝတီအသင်းမှ ကစားသမားများမှာမူ ရွေးချယ်ခြင်း မခံခဲ့ရကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်း တွင် ဂိုး-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင် (ရန်ကုန်)၊ ဟိန်းသီဟဇော်၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ငြိမ်းချမ်း (ရှမ်းယူနိုက်တက်)၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ကျော်ဇင်လွင် (ဧရာဝတီ)၊ အလယ်တန်းမောင်မောင်လွင်၊ မောင်မောင်ဝင်း (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်း- အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်) နှင့် ပြည်မိုး (မကွေး) တို့ ပါဝင်ကြသည်။
ရှိုင်းထက်ဇော်