Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 နေပြည်တော် မတ် ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့်အတူ မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာအုပ်စု၊ ဝဲကလိ- အိုင်ရှည်လမ်း ၃ မိုင်အနက် ၁ မိုင် ၃ ဖာလုံ အပြီးသတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများကို လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် အလင်းဖွင့်ခြင်းများဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်မှာကြားခဲ့ပြီး လမ်းဖောက်လုပ် ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အဆိုပါလမ်းပိုင်းသည် ဝဲကလိကျေးရွာနှင့် အိုင်ရှည်ကျေးရွာရှိ အိမ်ထောင်စု ၄၆၈ စု၊ လူဦးရေ ၁၇၇၁ ဦး တို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများပိုမို ဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါလမ်းပိုင်းပေါ်ရှိ အိုင်ရှည်ကျေးရွာ အခြေခံ ပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက်များကို မေးမြန်း၍ စာသင်ဆောင်၊ ကွန်ပျူတာ၊ ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများ၏ လေ့ကျင့်သင်ကြား ချုပ်လုပ်ထားရှိသည့် အဝတ်အထည်များနှင့် လူအသုံးအဆောင်ပစ္စည်းများ၊ သင်တန်းခန်းမများတွင် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၉ ရက် ညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပြည်နယ် တာဝန်ခံအရာရှိက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း မှာကြားသည်။ ထို့နောက် ဝန်ထမ်းများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး ဝန်ထမ်းအိမ်ရာ များနှင့် ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင်လည်း ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)