Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ရေကြည်မြို့နယ်များအတွင်း တရားမဝင်သစ်မျိုးစုံ ၃၅ ဒသမ ၀၂၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၇၄၈၇၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၁၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ ကုန်သေတ္တာများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော တရားမဝင် အားကစားဖိနပ်များ၊ သန့်စင်ခန်းသုံးပစ္စည်းများ၊ အားသွင်းအသုံးပြုနိုင်သော ဘက်ထရီများ၊ ကြွက်ထောင်ချောက်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၄၉၅၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော တာဝန်ကျပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အအေးခံဘူးများနှင့် လျှပ်စစ်ဒယ်အိုးနှင့် လျှပ်စစ်ရေနွေးအိုးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၅၇၆၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့နယ် အတွင်း Toyota Portae အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)၊ ထီးချိုင့်မြို့နယ်အတွင်း Jialing အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့် စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင် ဘက်ထရီများ၊ ဆိုလာချပ်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၆၅၀၀၀)တို့ကို ပို့ကုန် သွင်းကုန် ဥပဒေအရ လည်းကောင်း၊ တမူးမြို့နယ်အတွင်း တရားမဝင် ကညင်သစ် ၄ ဒသမ၂၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၄၅၀၀) သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၂၁၀၀၀) ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူပင် မတ် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၂၂ ဒသမ ၅၈၅၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၉၂၉၂) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၂ ရက်၊ ၁၃ ရက်၊ ၁၅ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၈၃၅၉၂၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်