Skip to main content

သဘာဝဘေးအန္တရာယ်မှလွတ်မြောက်အောင်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလ က ထုတ်ပြန်ထားရာ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေကို ဒေသတွင်းနေ ပြည်သူများ ဂရုတစိုက် စောင့်ကြည့်နေကြရန် လိုအပ်သည်။ ၂၀၀၈ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ပင်လယ်ပြင်၌ စတင်ခဲ့ပြီးမေလ၂ရက်နေ့တွင် ဧရာဝတီနှင့်ရန်ကုန်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းကြီးမှာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ သတိပြုနေထိုင်ခြင်း၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် ကြိုတင်ပြင်ဆင်မှုတို့ ပြုလုပ်ထားခြင်းတို့ဖြင့် ထိခိုက်ဆုံးရှုံးမှုမှ လျော့ပါးသက်သာရာရမည်ဖြစ်သည်။

မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါးနိုင်သမျှ လျော့ပါးစေရေးအတွက် လုပ်ငန်းအစီအစဉ်များတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာချိန်တွင် ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပိုမိုကောင်းမွန် သည့် လူနေမှုဘဝရောက်ရှိစေရန် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည် တည်ဆောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး သည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းနေပြည်သူများ၏ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများက လွန်စွာအရေးကြီးသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ကြိုတင်သတိပေးစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာ သင်တန်းပေးခြင်း၊ အစမ်း လေ့ကျင့်ခြင်းတို့ကို ဂရုတစိုက် မှတ်သားလေ့လာပြီး ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ဘေးလွတ်ရာသို့ အချိန်မီရှောင်တိမ်းရေး၊ ပစ္စည်းဥစ္စာ၊ ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းရေး၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် မရှိမဖြစ် သုံးစွဲရမည့် အရေးပေါ် စားရေရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ စုဆောင်းသိုလှောင်ရေး တို့တွင်လည်းတတ်အားသမျှ ပါဝင်ကူညီကြရန် လိုသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရာ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ်မမှန် သတင်းလွှင့်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် နှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ၊ ကယ်ဆယ်ရေးဆိုင်ရာ စားရေရိက္ခာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖျက်ဆီးခြင်း၊ လိမ်လည်တင်ပြ တောင်းခံခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက်ကို မလိုက်နာခြင်း စသည်တို့သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၊ ငွေဒဏ် နှင့်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ပါရှိသည်ကိုလည်း သတိပြုဖွယ်ပင်ဖြစ်သည်။

မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်သည့် နိုင်ငံဖြစ်ရာ မည်သည့် အန္တရာယ် အမျိုးအစားအတွက်မဆို ရင်ဆိုင်ကျော်လွှားနိုင်ရန် အတွက် အစီအမံများနှင့် ဗဟုသုတများ၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ အသက်ဉာဏ်စောင့် ဟူသော ဆိုရိုးအရ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ သဘာဝဘေးအန္တရာယ်ကြောင့် မပျက်စီး မဆုံးရှုံးရလေအောင် အမြော်အမြင်ရှိရှိ သတိကြီးကြီးဖြင့် ကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်