မော်လမြိုင် မတ် ၁၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာမော်လမြိုင်-ကျိုက်မရောလမ်းမဘေးရှိ အဆိုပါရုံးဝင်း အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ တက်ရောက်ကြသည်။
အမြဲတည်တံ့နေရမည့်ဌာနဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက အဖွင့် အမှာစကားပြောကြားရာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသစ် ဖြစ်သည့်အတွက် ရုံးအဆောက်အအုံသစ်များ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များကို တဖြည်းဖြည်း အချိန်ယူတည်ဆောက်ရ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ဥပဒေပါ ပြဋ္ဌာန်းချက်များအရ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေး ရမည်ဖြစ်ပါကြောင်း တိုင်းရင်းသားများ၏ အခွင့်အရေးများကိုကာကွယ် စောင့်ရှောက် ပေးရန်အတွက်လည်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနသည် အမြဲ တည်တံ့နေရမည့်ဌာန ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားများအတွက် အလွန်အရေးပါသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက် ခိုင်မာစေရန် မျှော်မှန်းချက်ဖြင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထက်ကျော် ကုမ္ပဏီက အဆောက်အအုံဆိုင်ရာ အချက်အလက်များကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ စီးပွားရေးရာဝန်ကြီး နိုင်လိတမနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုး၊ မန်းငြိမ်းမောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်
ဆက်လက်၍ တိုင်းရင်းသားများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ စီးပွားရေးရာဝန်ကြီး နိုင်လိတမနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်