နေပြည်တော် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များနေ ကောင်းကောင်း (ခ) ကောင်းမြတ်(ခ) စောကောင်းမြတ် (ခ) ဖြိုးမောင်မောင်(ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင် (ခ) ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုး၊ ရဲလင်းစိုး(ခ) ကိုလင်း (ဘ) ဦးလှအုန်း၊ ရဲနိုင်(ခ) ကိုရဲ(ဘ) ဦးသန်းဇော်ဦး၊ လင်းလင်းထက်(ခ) ထက်ကြီး (ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ (ခ) လူကာ(ဘ)ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ) ကိုဇော်(ဘ) ဦးချစ်စိန်နှင့် ဇော်ကိုကို (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံပိုင် အဆောက်အဦများအား ဗုံးထောင်ဖောက်ခွဲခြင်းနှင့် လက်လုပ်မိုင်းများ ပြုလုပ်ခြင်းတို့ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ နိုင်အောင်(ခ)snake (ဘ)ဦးဘိုဟန်၊ မင်းမြတ်အောင် (ခ)ဖြူဖွေး(ဘ) ဦးဆံထွန်းဝင်းနှင့် ညိမ်းမြတ်သူ(ခ) ကိုညိမ်း(ဘ) ဦးမြင့်သူတို့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၆)လမ်း ထိပ်နှင့် (၁၄)လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတို့အား လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အမှတ်(၂၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက် သိမ်းဆည်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်း တက်ရောက် ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် အားပေးကူညီခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင် ၎င်းတို့ အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်နေ ကောင်းကောင်း(ခ) ကောင်းမြတ်(ခ) စောကောင်းမြတ် (ခ) ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်၊ ရဲနိုင်(ခ)ကိုရဲ (ဘ)ဦးသန်းဇော်ဦးနှင့် ဖြိုးကျော်ဇင်(ခ) ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုးတို့သည် အမှတ်(၁၀)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် နေ ဇော်လင်းထွန်း (ခ)ဇွဲကို(ခ)ဒီမွန်(ဘ) ဦးကျော်လွင်၊ မြဌေးကို၊ အောင်ကောင်းခန့်၊ မဆောင်းလေပြေ (ခ)ဇူးဇူး(ဘ) ဦးဆန်းနိုင်ဦးတို့သည် အပြစ်မဲ့ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးအား ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၁) (ခ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင် ၎င်းတို့အသီးသီးအား “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ် ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်