Skip to main content

ဆံတော်ရှင် မြသိန်းတန်စေတီတော်အား ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

ရန်ကုန် မတ် ၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင်မြသိန်းတန် စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော် ဆက်ကပ်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ပရဝဏ်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချူပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၊ မွန်ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသာသန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏ ကျော်ထင် ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများက ထူပဝင်သမိုင်းကျောက်စာကို ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက (၉)ပါးသီလခံယူ ဆောက်တည်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချူပ် နှင့် နယ်စပ်တောင်တန်း ဒေသသာသနာ့နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌက လှူဒါန်းရခြင်းကို ရှင်းလင်းလျှောက်ထား၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထူပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြကာ ဒုတိယကျိုက်ထီးဆောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင် မြသိန်းတန်စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်းဆက်ကပ်ခြင်းနှင့်  ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို  တင်လှူ ပူဇော်ကြ သည်။

နေလင်း