Skip to main content

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကျင်းပ

နေပြည်တော် မတ် ၁၈

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးလီးကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ဖွင့်လှစ်သည့် ကျေးရွာ (၁၀) ရွာ ရေပေးရေး လုပ်ငန်းကဲ့သို့ စုပေါင်းရေပေးရေးစနစ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုသည့်  ကျေးရွာရေကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာများအစဉ် တိုးတက်စေရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အစဉ်အစိုက်ဆောင်ရွက်ပေးကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးစီးသွားသည့်အခါ ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် နှစ်ရှည်လများ အကျိုးခံစားခွင့်ရှိရန် အရေးကြီးသည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများက တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးပြုကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၃၈၂၈) ရွာမှာ လုပ်ငန်းပေါင်း(၃၈၆၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပြီး အိမ်ခြေ ၁၈၀၀၀၀ ကျော်ရှိ လူဦးရေ ၉၁၅၀၀၀ ကျော် အကျိုးပြုခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ရေလွှမ်းခြုံမှုအနေဖြင့် ကြည့်မည်ဆိုလျှင် ရှမ်းပြည်နယ်တစ်ခုလုံး၏ (၈၇) ရာခိုင်နှုန်းလွှမ်းခြုံသည်ကို တွေ့ရှိရပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍  ကျေးရွာ(၁၀)ရွာစုပေါင်းရေပေးရေး ရေထိန်းဘားများကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုးဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပင်လောင်းမြို့နယ် နန်းအွန်ကျေးရွာရှိ ကုန်ထုတ်လမ်း အရှည်တစ်မိုင် ၅ ဒသမ ၁ ဖာလုံ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ တောင်သူများ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေရှိရေး  ဆိုလာစနစ်ဖြင့် Pilot ဆောင်ရွက်ပေးထားမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ် များကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာ ကုန်ထုတ်သမဝါယမအသင်း၏ ဗေဒါမြေဆွေးမှ မြေဩဇာ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်းစာသုံးဆီဖူလုံစေရေး နေကြာတိုးချဲ့ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ ဖြစ်သည့် မတည်ရန်ပုံငွေလုပ်ငန်း၊ သွင်းအားစုလုပ်ငန်း၊ ဆိုလာစနစ် ရေရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။

(သတင်းစဉ်)