Skip to main content

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၁၈-၃-၂၀၂၂) ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက် လာသူများ၊ မြန်မာနိုင်ငံအတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် (၁၅-၃-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိရပါသည်။

၃။      Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲ အတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ မှာ ကောင်းမွန်လျက်ရှိပါသည်။

၄။      နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန် သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန