Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ လားရှိုးမြို့ပေါ်ရှိ အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ၊ လူငယ်သင်တန်းကျောင်းနှင့် ဆင်းရွှေလီဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၈

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးပေါ်လွင်စိန်တို့ အဖွဲ့သည် ယမန်နေ့နှင့် ယနေ့တွင် လားရှိုးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ လူငယ်သင်တန်း ကျောင်းနှင့် ဆင်းရွှေလီဘိုးဘွားရိပ်သာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လားရှိုးလူငယ်သင်တန်းကျောင်းတွင် ကလေးငယ်များကို တွေ့ဆုံခြင်း၊ ဆင်းရွှေလီဘိုးဘွားရိပ်သာတွင် အဘိုး/အဘွားများကို တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း တို့ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းမှာကြား၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း နှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်၊ အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)