နေပြည်တော် မတ် ၁၈
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြား သီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ တောင်ညိုအုပ်စု၊ ကျွန်ဦးအုပ်စု နှင့် မင်းကုန်းအုပ်စုတို့မှ တောင်သူ (၃၇) ဦးအား ချက်ကြံ ၁၄၈ ဧကနှင့် စပါး ၅ ဧက စုစုပေါင်း (၁၅၃) ဧကအတွက် ငွေကျပ် ၁၅ ဒသမ ၅၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်ဘဏ်ခွဲ အနေဖြင့် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၁ ခုနှစ် မိုးကြိုချေးငွေ ပြေကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာ ထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာအုပ်စု ၃ အုပ်စု၊ တောင်သူ ၅၁ ဦး ၊ ချက်ကြံ ၁၅၁ ဧက နှင့် စပါး ၄၄ ဧက စုစုပေါင်း ၁၉၅ ဧကအတွက် ချေးငွေကျပ် ၂၁ ဒသမ ၇ သန်း ထုတ်ချေးထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ သုံးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၈ အုပ်စု၊ တောင်သူ ၁၈၄ ဦး၊ စပါး ၄၄ ဧကနှင့် ချက်ကြံ ၆၇၃ ဧက စုစုပေါင်း စိုက်ဧက ၇၁၇ ဧကအတွက် ချေးငွေကျပ် ၇၃ ဒသမ ၉ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)