ဆိပ်ဖြူ မတ် ၉
မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာတွင် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း (အိမ်တွင်းလျှပ်စစ် အခြေခံလျှပ်စစ်ပညာသင်တန်း) ကို ယနေ့ နံနက် ၁ဝနာရီခွဲက ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံ တွင် ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှပူးပေါင်း၍ ဒေသခံ ပြည်သူအများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ သက်မွေးပညာရပ်များဖြင့် လူ့စွမ်းအားအရင်အမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားများနှင့် ဒေသဖွံ့ဖြိုးရေး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရေးတို့ကို လမ်းညွှန်အမှာစကားများ ပြောကြား ပေးပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များလည်းကောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၄) စက်မှုသင်တန်းကျောင်း(ပခုက္ကူ) မှ ကျောင်းအုပ်ဆရာကြီး ဦးရဲထွဋ်ဇော်က စက်မှုသင်တန်းများတွင် သင်ကြားပေးလျက်ရှိသည့် ပညာရပ်များနှင့် စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များ၊ အခြေခံ လျှပ်စစ်ပညာသင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များမှ သင်ထောက်ကူ ပစ္စည်များ ပြသထားရှိမှုတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း (အိမ်တွင်းလျှပ်စစ် အခြေခံလျှပ်စစ်ပညာသင်တန်း)ကို စက်မှုသင်တန်းကျောင်း(ပခုက္ကူ)မှ နည်းပြအရာရှိ ဦးကျော်ဆန်းဝင်းနှင့် နည်းပြဆရာ (၂) တို့က မတ်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့ လက်တွေ့များဖြင့် ကဇွန်းမကျေးရွာနှင့် နီးစပ်ရာကျေးရွာများမှ သင်တန်းသား(၄၂)ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)