နေပြည်တော် မတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သထုံခရိုင် ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သထုံရှိ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား သတင်းအမှား၊ အမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အသိ ပညာပေးခြင်း၊ ဥပဒေရေးရာ အသိပညာ ပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲ၌ သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ပေးခြင်းကို သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် ကလည်းကောင်း၊ ဥပဒေရေးရာ အသိပညာပေးခြင်းကို ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုး ကလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်းကို မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး တင်ကိုကို က လည်းကောင်း ဟောပြောခဲ့သည်။
အသိပညာပေး ဟောပြောပွဲသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သထုံခရိုင် ဦးစီးမှူးရုံးနှင့် လူငယ်သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်