Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အထက်တန်းသူနာပြု ဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

နေပြည်တော် မတ် ၁၇

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား  စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောက်လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့ကျူးလွန်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၊ ကြွေတိုက်နယ် ဆေးရုံသို့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် PDF အမည်ခံအကြမ်း ဖက်သမား ၃၀ ဦးခန့်ရောက်ရှိလာပြီး ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနေ အထက်တန်းသူနာပြု ဆရာမဖြစ်သူ ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်ခင်သန္တာမြင့် (၄၂)နှစ် (ဘ)ဦးလှအောင်နှင့် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်ဦး(၃၉)နှစ်(ဘ)ဦးဘပု၊ ဆေးရုံသို့ ရောက်ရှိနေသည့် အဆိုပါကျေးရွာနေ ကြွေတိုက်နယ်ဆေးရုံမြေအလှူရှင် ဦးခင်မောင်တိုး (၄၆)နှစ်နှင့် ဆေးရုံအဆောက်အဦအလှူရှင် ဦးနိုင်လင်းထွန်း(၃၂)နှစ်(ဘ)ဦးခွေးမောင်တို့ ၄ ဦးအား ဆေးရုံလူနာဆောင်အတွင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း၊ အထက်တန်းသူနာပြု ဆရာမ ဒေါ်ခင်သန္တာမြင့်အား CDM တွင် ပါဝင်ခြင်းမရှိဘဲ ဒေသခံပြည်သူများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လည်းကောင်း၊ ဦးသန်းနိုင်ဦး၊ ဦးခင်မောင်တိုး နှင့် ဦးနိုင်လင်းထွန်းတို့ ၃ ဦးအား “ဒလန်များဟု လည်းကောင်း စွပ်စွဲ ပြောဆို၍ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် အထက်တန်းသူနာပြု ဆရာမအပါအဝင် ၎င်းတို့ ၄ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အထက် တန်းသူနာပြုဆရာမနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။