နေပြည်တော် မတ် ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင်(၂၈၄/၄-၅) သီးကုန်းယာဉ်ရပ်နားစခန်း (အသွားလမ်း)တွင် ရပ်/ကျေး ဈေးဆိုင်ခန်းများ နေရာချထားမည့်နေရာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး-စစ်ကိုင်း-မုံရွာ လမ်းတစ်လျှောက်နှင့် မြင်းမူတိုးဂိတ် ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုသည်။
ရှင်းလင်းတင်ပြ ယင်းနောက် မုံရွာပြည်သူ့ဆေးရုံကြီး တိုးချဲ့ ငါးထပ်လူနာကုသဆောင် တည်ဆောက်ခြင်းလုပ်ငန်းခွင်၌ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းတစ်ခုလုံး၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ၊ ထပ်တိုး ခွင့်ပြုရန်ပုံငွေနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထပ်မံလိုအပ်ရန်ပုံငွေများအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် မြို့ပြလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း ခွဲခြားဆောင်ရွက်ရာတွင် စံချိန် စံညွှန်းပြည့်မီရေး၊ လက်ရာလက်သား သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန်အမီ ပြီးစီးရေးတို့ကို အလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုံရွာ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ငါးထပ်လူနာကုသဆောင်၊ မြေညီထပ် Granite ခင်းခြင်းလုပ်ငန်း၊ ဓာတ်လှေကား တပ်ဆင်မှု၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအထပ်များတွင် အခင်းနှင့် နံရံကြွေပြားကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခွဲစိတ်ခန်း ကြမ်းခင်းနှင့် နံရံ မျက်နှာကြက်များဆောင်ရွက်မှု၊ အောက်ဆီဂျင်ထုတ် စက်၊ Medical Pipe Line နှင့် ပြင်ပဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ချင်းတွင်းတံတားကြံ့ခိုင်မှု၊ ချင်းတွင်းမြစ်ရေ လမ်းကြောင်းပြောင်းလဲမှု ရှိ/မရှိနှင့် ရေလယ်တိုင်များ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆွေးနွေးပြောကြား
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များ သည် စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ သွားရောက်ပြီး အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်