နေပြည်တော် မတ် ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဆင်ပေါင်ဝဲ၊ ကံမနှင့် မင်းတုန်းမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ကံမမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်း၊ သဲကုန်းနှင့် ပေါင်းတည်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများမှ တာဝန်ခံများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်း ဆိုင်ရာများကို ရှင်းလင်းဆွေးနွေး မှာကြားသည်။
ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ အုတ်ဖိုနှင့် မိုးညိုမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မင်းလှ ထပ်ဆင့်လွှင့် စက်ရုံမှူးတို့ကို တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ကို ရှင်းလင်းဆွေးနွေး မှာကြား သည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ရန်ကုန်မြောက် ပိုင်းခရိုင် လက်ထောက်ညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများ၊ အင်းစိန်၊ ရွှေပြည်သာ၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင်၊ လှည်းကူးနှင့် မင်္ဂလာဒုံမြို့နယ်တို့မှ မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေး မှာကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မိမိတို့ ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏ လက်ရှိအခြေအနေများအား မှန်မှန်ကန်ကန် သိရှိနားလည်သဘောပေါက်ပြီး ပြည်သူလူထုကို နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ သိရှိအောင် ပြည်သူ့ဆက်ဆံရေး နည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူ လူငယ်များအား အသိပညာဖွံ့ဖြိုး တိုးတက်ရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရေး၊ ဝန်ထမ်းများကိုယ်တိုင်စာပေများ လေ့လာ ဖတ်ရှုပြီး အသိပညာ ဗဟုသုတများ တိုးပွားအောင် ကျင့်ကြံဆောင်ရွက်ကြရန်၊ မိမိတို့ သိရှိနားလည်သည်များကို ပြည်သူများအား အသိပညာမျှဝေပေးကြရန်နှင့် မိမိတို့လုပ်ငန်းများကို စေတနာထားပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်