မြန်မာလူမျိုးများသည် အစားအစာများတွင် ဆီပါမှနှစ်သက်ကြသောလူမျိုး ဖြစ်သည်။ ဆီမပါဟင်းမဖြစ်၊ ဆီပါမှ ကျေနပ်၊ ဆီကို အစွဲအလမ်းကြီးစွာ အရသာခံ စားသောက်ကြသည်။ သန့်စင်သောဆီကို သင့်တင့်မျှတစွာစားသုံးပါက ကျန်းမာရေးကို အထောက်အကူပြုပြီး အလွန်အကျွံစားသုံးပါက ကျန်းမာရေး ထိခိုက်နိုင်သည်ကို သိပါသော်လည်း ဆီစားသုံးခြင်းကို မလျှော့နိုင်ဘဲ နေ့စဉ်စားသုံးနေကြသည်။
ဆီကို လိုသည်ထက်ပိုစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကို အားလုံးသိရှိကြပါသည်။ ဆီကြောင့် အပိုကုန်ကျနေသည်များကိုလည်း သိရှိကြပါသည်။ ယနေ့အချိန်အခါတွင် ထိုအရေးကို အလေးအနက်ထား စဉ်းစားကြရမည်ဖြစ်သည်။ မျက်မှောက်အချိန်အခါတွင် အကြောင်းအမျိုးမျိုးကြောင့် စားသုံးဆီဈေးကွက်တွင် ကုန်ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းစံချိန်တင်မြင့်လာမှုများနှင့် ကြုံတွေ့နေပြီး ရှေ့အဖို့လည်း ဆက်လက်ကြုံတွေ့နိုင်သည်။ ရောင်းဝယ်ဖောက်ကား၊ စားသုံးသူများအနေဖြင့် အခက်အခဲများမည်သို့ပင်ရှိသော်လည်း ဖြစ်နိုင်သလောက် ရင်ဆိုင်နေကြမည်ဖြစ်သည်။
တကယ်တမ်းတွင် ယခုဖြစ်စဉ်ကိုအကြောင်းပြု၍ အားလုံးအနေဖြင့် စဉ်းစားဆင်ခြင် ပြုပြင်ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။ တစ်ဦးချင်းကိုယ်စီ မိသားစုဘဝများ အကျိုးစီးပွားနှင့် နိုင်ငံအကျိုး၊ အမျိုးသား အကျိုးစီးပွားကိုဦးစားပေး၍ မိမိတို့နိုင်ငံ၊မိမိတို့လူမျိုးတိုးတက်ပြောင်းလဲလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် ဆီအရေးဖြင့် တိုးတက်ပြောင်းလဲအောင်လုပ်နိုင်ပါမည်လားဟု ဆိုဖွယ်ရာရှိမည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း “နှမ်းတစ်လုံးနှင့် ဆီမဖြစ်နိုင်” သော်လည်း တက်ညီလက်ညီ လုပ်ကိုင်ကြပါက ကောင်းကျိုးရလဒ်များ ပေါ်ထွက်လာသည်မှာ သေချာနေသည်။
မြန်မာနိုင်ငံတွင် စိုက်မြေပျိုးမြေရှိသော်လည်း ဆီထွက်သီးနှံများကို အပြည့်အဝမစိုက်သဖြင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ပြည်ပမှ စားသုံးဆီတန်ချိန် အမြောက်အမြား နှစ်စဉ်တင်သွင်းနေရသည်။ မြန်မာ့ဆီထွက်သီးနှံများကိုလက်ငင်း အခြေအနေအရ တွက်ချက်ကြည့်သောအခါ သီးနှံထွက်ရှိသည့်အတိုင်း ရရှိသည့် ဝင်ငွေနှင့် စားသုံးဆီ လိုအပ်ချက်အရပြည်ပမှတင်သွင်းရသည့် ကုန်ကျငွေ ခြားနားချက်မှာ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ ခန့် ရှိနေသည်ကို ချင့်ချိန်သုံးသပ်ကြည့်နိုင်သည်။ ထိုအခြေအနေပေါ်မူတည်၍ ဆီထွက်သီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးကြရန်နှင့် ဆီအရည်အသွေးပြည့်မီ စားသုံးဆီများ ထုတ်လုပ်နိုင်ပါက နှမ်းတစ်လုံးမှ ဆီအိုးကြီးဖြစ်လာပြီး သန်းပေါင်းများစွာ ဝင်ငွေတိုးလာမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် ပထဝီနိုင်ငံရေးအခြေအနေအရ ကုန်ပစ္စည်းမျိုးစုံပေါ်တွင် ဂယက်ရိုက်ခတ်မှုများရှိနေပြီး ထိုအထဲတွင် စားသုံးဆီမှာလည်း ပြည်ပမှမှာယူ တင်သွင်းနေရသဖြင့် အရေးကြီးသော ကုန်ပစ္စည်းဖြစ်နေသည်။ လတ်တလောအခြေအနေအရ ကမ္ဘာ့ဆီဈေးကွက်တွင် ကိုလာစနစ်အရ အခက်အခဲများရှိနေပြီး ပင်ရင်းဈေးနှုန်းမြင့်နေသဖြင့် စားသုံးဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ဆီကိုမရှောင်လွှဲနိုင်ကြသေးရာ ရေရှည်တွင် ပြည်သူများပင် ထိခိုက်မှုရှိလာပြီး ကျပ်တည်းမှုများဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဆီကို ခြိုးခြံ ချွေတာ လျှော့ချသုံးစွဲကြရန်နှင့် နည်းလမ်းမျိုးစုံဖြင့် ဆီထွက်သီးနှံအမျိုးမျိုးတို့ကို တိုးချဲ့ စိုက်ပျိုးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
စိန်ခေါ်မှုကို ကျော်လွှားခြင်းသည် အောင်မြင်မှုပင်ဖြစ်၍ ယနေ့ဆီအကျပ် အတည်းကို ကျော်လွှားနိုင်ရန်အတွက် ဆီသုံးရန်၊ အထွက်တိုးအောင် စိုက်ပျိုးကြရန် ဤနှစ်ချက်ကို မဖြစ်မနေဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အမျိုးသား အကျိုးစီးပွား တိုးတက်မြင့်မားပြီး နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာကာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာမည်။ ကုန်ပစ္စည်းဈေးများတက်နေသည်ကို ညည်းညူနေရုံဖြင့် မပြီးပေ။ အပြစ်တင်အပြစ်ရှာနေရုံဖြင့် အလုပ်မဖြစ်ပေ။ ယနေ့ပထဝီနိုင်ငံရေးအခက်ကို မြန်မာ့အချက်အနေဖြင့်အသုံးချ၍ ဆီအသုံးကိုလျှော့ချပြီး ဆီအထွက်ကို တိုးအောင်လုပ်နိုင်ကြရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတစ်ဦးချင်းမှ အစပြု၍ အိမ်ထောင်စုပေါင်းများစွာက စားသုံးနေသောဆီကို လျှော့ချသုံးစွဲခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် မိမိတို့၏ နေ့စဉ်ကုန်ကျစရိတ်များလည်း သက်သာလာမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားငွေချွေတာနိုင်ပြီး တိုင်းပြည်အတွက် အရေးကြီးသည့်အကျိုးပြု လုပ်ငန်းများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို အကြောင်းပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အချိန်အခါကိုက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။