Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ခုနှစ်  မတ်လ    ၂ ရက်

ချစ်ခင်လေးစားရပါသော လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများ ခင်ဗျား-

နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာစီးပွားလုပ်ငန်းရှင် တောင်သူလယ်သမားများကို အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ ရက်မြတ်အချိန်အခါတွင် လယ်ယာစီးပွား လုပ်ငန်းများနှင့် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးမ င်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီမှစ၍ ယနေ့ထက်တိုင် နှစ်ပေါင်း ထောင်ချီ ရပ်တည်လာခဲ့ပြီး မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမားများ သို့မဟုတ် လယ်ယာစီးပွားရေးကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြသူများဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ကြသူများဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသူများဖြစ်ပါသည်။

တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အဓိကဝင်ငွေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်သဖြင့် ကျေးဇူးရှင်တောင်သူဦးကြီးများဟုပင် မြန်မာနိုင်ငံသား အားလုံးက တင်စားပြောဆိုခဲ့ကြပြီး နှစ်စဉ် မတ်လ (၂) ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် ဂုဏ်ယူသတ်မှတ်ပေးခဲ့ကြပါသည်။

ယနေ့အချိန်ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံသာယာဝပြောမှု ရှိစေရန်၊ စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာ ကဏ္ဍနှင့် စပ်လျဉ်း၍ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို တွန်းအားပေးဆောင် ရွက်လျက်ရှိသကဲ့သို့ ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာအတွက် တာဝန်ယူထုတ်လုပ်ပေးလျက်ရှိကြသော လယ်ယာစီးပွားလုပ်ငန်းရှင် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမာ များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ သည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍ အသီးသီး၏ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတားများစွာ ဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်း ထုတ်လုပ်နိုင်ခဲ့သည့်အတွက် လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း(၁)ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ လယ်ယာသားငါး ကဏ္ဍအနေဖြင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်း နှင့် ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်း သန်းပေါင်း ၁၀၅၃ ဒသမ ၇၃ တင်း ထွက်ရှိခဲ့ပါသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စိုက်ဧက (၈၁,၃၄၃)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂ ဒသမ ၆၈ တင်း ပိုမိုထုတ်လုပ် နိုင်ခဲ့ပါသည်။ ပဲမျိုးစုံစိုက်ဧက ၉ ဒသမ ၆၃ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်းနှင့် အထွက်တင်း သန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်း ဖြစ်ပြီး အထွက်တင်း သန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့ပါသည်။

အသား၊ ဥ၊ နို့ထုတ်လုပ်မှုအနေဖြင့် အသားပိဿာ ၆၂၄ ဒသမ ၁၂ သန်း၊ ဥအလုံးရေ ၃၀၆၁ ဒသမ ၄၄ သန်း၊ နို့ပိဿာ ၁၁၇၂ ဒသမ ၂ သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အသား ပိဿာ ၅၂ ဒသမ၂၅ သန်း၊ ဥအလုံးရေ ၃၈၇ ဒသမ ၀၁ သန်း နှင့် နို့ပိဿာ ၂၄ ဒသမ ၅၃ သန်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေထွက်ပစ္စည်းများထုတ်လုပ်မှုတွင် ရေချိုငါး/ပုစွန်မှ တန်ချိန် ၂ ဒသမ ၇ သန်း၊ ရေငန်မှ တန်ချိန် ၃ ဒသမ၂ သန်း စုစုပေါင်းတန်ချိန် ၅ ဒသမ ၉သန်း ထွက်ရှိခဲ့ပါသည်။

လယ်ယာသားငါး အဓိကထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုအနေ ဖြင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၆ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၈ ဒသမ ၉၄ သန်း၊ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၂၄ ဒသမ၂၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၅၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀ ဒသမ ၁ သန်း၊ နှမ်းတန်ချိန် ၀ ဒသမ ၁၈ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၆ ဒသမ ၃၃ သန်း၊ ရော်ဘာစိမ်းတန်ချိန် ( ၀ ဒသမ ၂၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၁၁ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် ၈ ဒသမ ၅၁ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း အသီးသီးတင်ပို့နိုင်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု ကန့်သတ်ချက်များရှိနေသည့်ကြားမှ ပုံမှန်အခြေအနေမဟုတ် သော်လည်း ပြည်ပတင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်မှ အမေရိကန် ဒေါ်လာ ၃၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့ပါသည်။

စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများနှင့်တကွ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်သူများအားလုံးအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေသည့်ကာလအတွင်းမှာပင် ထုတ်လုပ်မှုများ မလျော့ကျစေရန်၊ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ပြည်ပပို့ကုန် မကျဆင်းစေရန် အခက်အခဲများကြားမှ အချိတ်အဆက်မိမိ အားထုတ်ကြိုးပမ်းခဲ့မှုများ အားလုံးနှင့် အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင် စိတ်ဓာတ်အပြည့်အဝဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိကြသော တောင်သူလယ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

နိုင်ငံတော်အနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင် ရေးအတွက် ရေလိုအပ်ချက်နည်းသော သီးနှံများ၊ ရေကြီးနစ်မြုပ်မှုဒဏ်ခံသီးနှံနှင့် ရောဂါနှင့် ပိုးမွှားဒဏ်ခံနိုင်သောသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသနှင့် ကိုက်ညီသောသီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်းစနစ်များ အသုံးပြုစိုက်ပျိုးစေ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် စက်မှုလယ်ယာကူးပြောင်း နိုင်ရေးအတွက် အဆင့်မြင့်လယ်ယာမြေကွက်များ၊ လယ်ကြားလမ်းနှင့် ရေသွင်းရေထုတ်မြောင်းများ ဖော်ထုတ် ပေးခြင်း၊ အပူပိုင်းဇုန်ဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံးရေတင် လုပ်ငန်း(Solar Pumping System)များ ဆောင်ရွက်ပေးခြင်း၊ ရေစုကန်၊ ရေလှောင်ကန်များ ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိ ပါသည်။

အလားတူပင် တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲစိုက်ပျိုးပြီး ဝင်ငွေ တိုးတက်စေရေးအတွက် သီးနှံအလိုက် မျိုးသန့်မျိုးစေ့များထုတ်လုပ်ခြင်းကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် အသုံးပြုနိုင်စေရေးအတွက် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်စီစဉ်ပြသဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ဆက်လက်၍လည်း ပြည်နယ်/တိုင်းဒေသကြီးများအလိုက် နှစ်စဉ်မျိုးစေ့ပြပွဲများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အလားတူ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် တိရစ္ဆာန် ပြပွဲပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေး လျက်ရှိပါသည်။

ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီး၌ (၂)လက်မအရွယ် ငါး/ပုစွန်သားပေါက်ကောင်ရေ ၁၄၀ ဒသမ ၆၅ သန်းအား ငါးမျိုးစိုက်ထည့်နိုင်ခဲ့ပါသည်။ ပုဂ္ဂလိကကဏ္ဍမှလည်း ငါးသားပေါက် (ငါးမှုန်ငါးသန်) သန်း ၉၆၆ ဒသမ ၈၇ ကို ထုတ်လုပ်ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ သယ်ယူပို့ဆောင်မှု လွယ်ကူလျင်မြန်စေရန် ကျေးလက်ကုန်ထုတ် လမ်း စုစုပေါင်း (၁၁၈၆/၀.၂) မိုင်၊ ကုန်ထုတ်တံတား(၁၇၂၀)ခု ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း (၁၄၆၉)နှင့် စိုက်ပျိုးမွေးမြူရေးဧက (၇.၈၆)သိန်းကို အကျိုးပြုစေခဲ့ ပါသည်။ ကျေးလက်ဒေသ မီးလင်းရေးအတွက် ကျေးရွာပေါင်း (၁၀၁) ရွာ၊ အိမ်ခြေ(၁၀၂၇၈)အား ဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သောက်သုံးရေ လုံလောက် စွာရရှိရေးအတွက် စက်ရေတွင်း၊ လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်၊ မိုးရေလှောင်ကန် စသည့်ရေရရှိရေး လုပ်ငန်းပေါင်း (၅၂၆၈)ခုကို အိမ်ခြေ ၇ ဒသမ ၂ သိန်း၊ လူဦးရေ ၃ ဒသမ ၅ သန်း အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် တောင်သူလယ်သမားများ၏ သီးနှံများ ထိခိုက်ပျက်စီးမှုများအား ထိန်းသိမ်းကာကွယ်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိ ပါသည်။

တစ်ဖက်တွင် သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည် စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေး တိုးတက်မြင့်မားလာစေမည့် သဘာဝမြေဩဇာများ တိုးတက်အသုံးပြုခြင်း အပါအဝင် သီးနှံစိုက်ပျိုး နည်းစနစ်များကိုလည်း ပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ များပူးပေါင်း၍ အရန်မျိုးစေ့များစုဆောင်းထားရှိခြင်း၊ ရန်ပုံငွေများ လျာထားသတ်မှတ်ခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အသင့်ဖြစ်စေရန် ဆောင်ရွက်လျက် ရှိပါသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို အထောက်အကူဖြစ်စေရန် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ လက်ရှိပြဋ္ဌာန်းထားသော လိုက်နာဆောင်ရွက်သင့်သော နည်းလမ်းများနှင့် ညီညွတ်စေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းတို့ကို အာမခံပေးနိုင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင် များ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားကိုလည်း ရယူဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝအခြေအနေ မြင့်တက်လာစေရန် မြေပြုပြင်စိုက်ပျိုးသည်မှ ဈေးကွက်သို့ တင်ပို့ရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ပတ်သက်သူများ အချင်းချင်းအကြား ယုံကြည်မှုများ တည်ဆောက်ပြီး ပေါင်းစပ်ဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းသတ်မှတ်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာ များအား တောင်သူများ သင့်လျော်သည့်ဈေးနှုန်းဖြင့် အရစ်ကျဝယ်ယူ နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကုစားရေးအတွက် တောင်သူလယ်သမားများ ရင်းနှီးမြှုပ်နှံ နိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေ ၁၉၂၆ ဒသမ ၆၁ ဘီလီယံကျပ်၊ JICA နှင့် မြန်မာ့စီးပွားရေးဘဏ်၏ နှစ်ဆင့် ချေးငွေ(Two Step Loan) ၁၈၂ဒသမ ၁၉ ဘီလီယံကျပ်၊ ကိုဗစ်-၁၉ အထူးချေးငွေ ၄၂၁ ဒသမ ၂၉ ဘီလီယံကျပ် စုစုပေါင်း ၂၅၃၀ ဒသမ ၀၉ ဘီလီယံကျပ် ထုတ်ချေးပေးထားပြီးဖြစ်ပါသည်။  ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားနပ်ရိက္ခာများ ထုတ်လုပ် နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP)၊ ကောင်းမွန်သောတိရစ္ဆာန် မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP)၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်( Good Aquaculture PracticesD GAqP )တို့နှင့်အညီ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန်အတွက် တောင်သူလယ်သမားများသို့ ပညာပေးလျက်ရှိပါသည်။

သီးနှံသားငါးများထုတ်လုပ်မှု တိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏ အစားအစာလုံခြုံ စိတ်ချ ရမှုရှိရေး (Food Safety)နှင့် လယ်ယာထုတ်ကုန်များ နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်ရေးအတွက်အခြေခံ အုတ်မြစ်ကောင်းများအ ခိုင်အမာတည်ဆောက်ပေးနေခြင်းဖြစ်ပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ခေတ်မီစိုက်ပျိုးနည်း ပညာများ၊ ရာသီဥတုဆိုင်ရာ၏ သတင်းအချက်အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်| အလက်များကို အချိန်နှင့်တစ်ပြေးညီ မိုဘိုင်းဖုန်းများမှတစ်ဆင့် ကြည့်ရှုရယူအသုံးပြုနိုင်ရေး ဒစ်ဂျစ်တယ်နည်းပညာဖြင့် အသုံးချ ဖြန့်ဝေပေးခြင်း၊ ပညာပေးစာစောင်နှင့် ဂျာနယ်များ၊ သတင်းများ  ထုတ်ပြန်ဖြန့်ဝေခြင်းအပြင် လယ်ယာကဏ္ဍဆိုင်ရာ သတင်းများ၊ ပညာပေးနှင့် ဖြေဖျော်ရေး အစီအစဉ်များ စသည့်ကဏ္ဍစုံပါဝင်သော “တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel)” ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ထို့အပြင် တောင်သူလယ်သမားများ လယ်ယာကဏ္ဍ သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိပါသည်။ 

နိဂုံးချုပ်အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လယ်ယာစီးပွားလုပ်ငန်းရှင်စိတ်ဓာတ် အပြည့်အဝဖြင့် ဇွဲလုံ့လအားစိုက်ပြီး ထုတ်လုပ်မှုတည်ငြိမ်အောင်ကြိုးပမ်းဆောင်ရွက်ပေးနေသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင် တောင်သူလယ်သမားများအား အထူးကျေးဇူးတင်ရှိပါသည်။

မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စက်ကိရိယာနှင့် နည်းပညာများအား မိမိ၏အတွေ့အကြုံ၊ လုံ့လဝီရိယဖြင့် ပေါင်းစပ်ဆောင်ရွက်ပါကလူမှုစီးပွားဘဝ ဧကန်မလွဲတိုးတက်လာမည်ဖြစ်ရာ “ဆင်းရဲလို့ လယ်လုပ်” ဆိုသည့် ဆိုစကားကို ပယ်ဖျက်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ လယ်ယာစီးပွားလုပ်ငန်းရှင်တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းလျက် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးကို တက်ညီလက်ညီ အားလုံးလက်တွဲကြိုးပမ်းကြပါစို့ဟု အလေးအနက် တိုက်တွန်း အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ