ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်သည့် ကနဦး ကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ၂၅-၂-၂၀၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာ ရှေ့နေများဖြစ်ကြသော Dr. Christopher Staker ၊ Professor Stefan Talmon နှင့် Professor Robert Kolb တို့က မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲမှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပ ပြောကြားခဲ့ပါ သည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ အဆိုပါ နိဂုံးချုပ်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျှော်ဆီလျော်မှု မရှိကြောင်း၊ ယခုအချိန်သည် မှန်ကန်သည့် အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည် မဟုတ်ကြောင်း၊ အဆိုပါ စွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆိုပိုင်ခွင့်ရှိမရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများ အဖြစ်ယူဆစေရန် တရားသူကြီးများနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများက တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာ ဆုံးဖြတ် ချက်တွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ငြင်းပယ်ပြီး ဖြစ်သဖြင့် ယခု တင်သွင်းသည့် ကနဦးကန့်ကွက်ချက်များကို အလေးအနက် စဉ်းစားရန် မလိုဟု အကြံပြုနေကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ် (၈၅)အရ မိမိတို့ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကနဦးကန့်ကွက်လွှာ အဆင့်တွင်ပင် စွပ်စွဲထားသည့် ပြစ်မှုများနှင့် ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့် ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခု ကြားနာပွဲကို အသုံးပြု၍ ထိုကဲ့သို့ စွပ်စွဲမှုများ ပြုလုပ် ခဲ့၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ ဆိတ်ဆိတ်နေ၍ မရပါ ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာရန် သန္နိဌာန် ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘော တူညီချက်နှင့်အညီ ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ကြားဖြတ်စီမံဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြေပြင်အခြေ အနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်/ နှင့်) ဂမ်ဘီယာနိုင်ငံ အနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်ပြခဲ့ပါသည်။
ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ၂၈-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။