Skip to main content

ပြည်သူများအား ထာဝစဉ်စောင့်ရှောက်ကာကွယ်

 

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ မျက်မှောက်ကာလအထိ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တစုတစည်းတည်း၊ တစ်သွေးတည်း တစ်သားတည်း တည်ဆောက်ထားသော တပ်မတော်သည် ပြည်တွင်းရန်၊ ပြည်ပရန် မည်သည့်ရန်စွယ်အန္တရာယ်မျှမကျန်အောင် ရှင်းလင်းဖယ်ရှားနိုင်သည့် အစဉ်အလာ ကောင်းများရှိသည်။

လက်ရှိကာလတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စနစ်တကျတာဝန်ယူ ဆောင်ရွက်နေသည်။ နိုင်ငံတော်တစ်ဝန်းလုံး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေသည်။ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်၊ ပျက်စီးအောင် ဆောင်ရွက်မှုများအား ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ အနည်းဆုံးအဆင့်ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်အနေဖြင့် အစစအရာရာကို ဆင်ခြင်မြော်တွေးပြီး ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူ၍ ဒေသအချို့တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးအား ထိပါးနှောင့်ယှက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က ကယားပြည်နယ် နမ့်မယ်ခုံဒေသ တစ်ဝိုက်တွင် အခြေချပြီး ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ထိပါးနှောင့်ယှက်လာခဲ့သည်။

အကြမ်းဖက်သမားများ၏ မြို့ရွာများအထိ အတင့်ရဲထိပါးနှောင့်ယှက်လာမှု များကို ပြည်ပအခြေစိုက်မီဒီယာများက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေ သယောင်၊ အကြမ်းဖက်သမားများ အနိုင်ရနေသယောင် မမှန်သတင်း၊ ပုံကြီးချဲ့ကား သတင်း၊ သွေးထိုးလှုံ့ဆော်ရေလာမြောင်းပေးသတင်းများကို မပြတ်ထုတ်လွှင့်ပေး လျက်ရှိသည်။ အစဉ်အဆက်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သမား အားပေးသတင်းများ ထုတ်လွှင့်ပေးပြီး ပြည်တွင်း၊ ပြည်ပအထောက်အပံ့များ ရရှိရေးအတွက်ဦးတည်ကာ ပြည်သူများ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့၍ တိုင်းပြည် ပျက်စီးစေရန် ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်သမားသောင်းကျန်းသူများသည် အလစ်အငိုက်တိုက်ခိုက်ခြင်း၊ ဥပဒေကိုချိုးဖောက်ခြင်းဖြင့် မြို့ရွာအချို့ကို ထိတွေ့လာခြင်းဖြစ်သည်။ လူနေ အဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက် အအုံများကို အကာအကွယ်ယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ များအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့များကို အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လွိုင်ကော်လေဆိပ်ကို တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်ဘက် ခရီးသည်တင်ယာဉ်အား ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်စစ်ရေးမဟုတ် သည့် အရပ်ဘက်ကို တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့မတိုင်မီလွိုင်ကော်မြို့အား သိမ်းပိုက်ပြီး အစိုးရဖွဲ့အုပ်ချုပ်မည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ခြိမ်းခြောက်ပြီး ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဆင်ခြေဖုံး ရပ်ကွက်များအား ထိုးဖောက်တိုက်ခိုက်ပြီး မြို့များကို အဝေးမှပစ်ခတ်နှောင့်ယှက် လာကြသည်။ ဇန်နဝါရီလ၆ရက်နေ့မှ၁၈ရက်နေ့အတွင်း လွိုင်ကော်မြို့နယ်အတွင်း နယ်မြေရှင်းလင်း ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဆုတ်ခွာသွားခဲ့သည်။

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာအခြေချရာဒေသများအား လိုက်လံရှင်းလင်း ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် မိမိဒေသတွင် ပြန်လည်နေထိုင်ရန် ကျန်ရှိနေသည့် ခေတ္တတိမ်းရှောင် သွားသော ဒေသခံပြည်သူများ မိမိဒေသတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး အသိပေးလျက်ရှိသည်။ ထို့အပြင် KNPP နှင့် PDF သောင်းကျန်းသူတို့၏စည်းရုံးမှု၊ ခြိမ်းခြောက် မှုတို့ကြောင့် တရားမဝင် လက်နက် ကိုင်ဆောင်ခဲ့ရသည့် ရွာသူရွာသားများကိုလည်း လူသတ်မှု၊ မုဒိမ်းမှု စသည့်ရာဇဝတ် မှုကျူးလွန်သူမှအပ ၎င်းတို့ရပ်ရွာများတွင် အေးချမ်းစွာပြန်လည်နေထိုင်လုပ်ကိုင် လိုပါက မိမိတို့ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့များသို့သတင်းပို့၍ ခွင့်လွှတ်မှုကို ရယူကြရန်နှင့် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူကြောင်း ပြည်နယ်အစိုးရက အသိပေး အကြောင်းကြား ထားသည်။

သို့ဖြစ်ရာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနှောင့်ယှက်ခဲ့သော အကြမ်းဖက်သောင်းကျန်း သူများသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုကို ကျူးလွန် သူများဖြစ်၍ ဆက်လက်ရှင်းလင်းဖယ်ရှား မည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ပြည်သူလူထုနှင့် နယ်မြေအေးချမ်းမှုကို ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်း။ ။