နေပြည်တော် ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရှိသည့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ အုပ်စု၊ သော်မှော်ကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနက်မှ အရှည်ပေ ၂၁၃၀ ရှိ ရွာတွင်းလမ်းမကြီး ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ အလိုအလျောက် ဖွင့်ပိတ်ခြင်းစနစ်ဖြင့် ဆောင်ရွက်ထားသည့် လမ်းမီး တပ်ဆင်ခြင်း လုပ်ငန်း၊ ကျေးရွာစာကြည့်တိုက် အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပို့ချခဲ့သည့် ဆပ်ပြာရည်ပြုလုပ် နည်းသင်တန်းဆင်းများမှ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများက ကျေးရွာဘက်စုံသုံးခန်းမအတွင်း၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် ကျေးလက်စီးပွား မြှင့်တင်ရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ နွား မွေးမြူရေး၊ ကျွဲမွေးမြူရေး စသည့်အစုအဖွဲ့ဖြင့် မွေးမြူရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စံပြကျေးရွာအင်္ဂါရပ်များ နှင့် အညီ ဖြစ်စေရေး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ဦးစားပေးလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား များအနေဖြင့်လည်း အခြေခံ အဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ အမှန် တကယ်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ကျေးရွာသူ ကျေးရွာသားများက ကျေးရွာလိုအပ်ချက်များအား တင်ပြဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးရွာမှ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိက ကြက်မွေးမြူရေးခြံကိုလည်းကောင်း အခြေခံမူလတန်း(လွန်) ကျောင်းတွင် အလှူရှင်မှ ဆောက်လုပ် လှူဒါန်းခဲ့သော ရေသန့်စက်ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတို့တွင် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေး အတွက် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မှစ၍ Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ခေတ်မီစံပြကျေးရွာ များထူထောင်ရာတွင် ကျေးရွာ၏ လိုအပ်ချက်များ ဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးလုပ်ငန်းများ၊ အစုအဖွဲ့သမဝါယမ စနစ်ဖြင့် ကျေးလက် စီးပွားရေးမြင့်မားရေးအတွက် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ သော်မော်ကုန်းကျေးရွာတွင် ယခု ဘဏ္ဍာရေးနှစ်၌ ကျေးရွာအခြေခံအဆောက်အဦ လုပ်ငန်း (၃)ခု၊ အသက်မွေးဝမ်းကျောင်းသင်တန်း (၅)ခု၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု (၂)ခု၊ အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်း(၁)ခု၊ လူမှုကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်း (၄)ခုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်း (၁)ခု စုစုပေါင်း လုပ်ငန်း (၁၆)ခုကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု (၉၁ ရာခိုင်နှုန်း)ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်