နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများဖြေရှင်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Virtual ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား များအား လုပ်ခလစာထုတ်ပေးနိုင်ရေးအတွက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေးထားသည့် One Stop Service (OSS)တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းတို့ကို တာဝန်ပေးအပ်ထားပြီး ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမားလူနာ ၂၀ ကုသနိုင်ရေး ထန်းတပင် အလုပ်သမားဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိပြီး ကိုဗစ်-၁၉ Fourth Wave အတွက် ကုတင် (၄၀) ဆံ့အဖြစ် ပြင်ဆင်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမားဆေးရုံကြီး(ထန်းတပင်)၌ တစ်ရက်လျှင် Liter 40 အောက်ဆီဂျင်အိုး ၈၀ ထွက်ရှိသည့် 20 Nm3 /h Containerized O2 Plant တစ်လုံး တပ်ဆင်၍ ရန်ကုန်အလုပ်သမား ဆေးရုံကြီးများ၏ အောက်ဆီဂျင်လိုအပ်ချက်နှင့် စက်မှုဇုန်မှ အလုပ်သမားများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှအာမခံအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အာမခံအလုပ်သမားများအား ဖေဖော်ဝါရီ ၂၃ ရက် အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အလုပ်ဌာန (၁၀၅၂၁) ဌာနမှ အလုပ်သမားများ (၇၅၂၇၆၀)နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အလုပ်ဌာန(၉၀၃၈)ဌာနမှ အလုပ်သမား စုစုပေါင်း(၄၇၂၈၃၉)ဦးတို့ကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တာဆီးရေးလမ်းညွှန်ချက်များနှင့်အညီ ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွှတ်/ လက်ခံနိုင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေး၍ ရွှေ့ပြောင်းလုပ်သားများ စေလွှတ်နိုင်ရေး အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အေဂျင်စီ ဖြင့်လည်းကောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများအား မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ စင်ကာပူနိုင်ငံသို့ ၂၁၈၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၂၅ ဦး၊ ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊ မလေးရှားနိုင်ငံသို့ ၈၄ ဦးနှင့် အခြားသော ၄၁ နိုင်ငံသို့ ၈၀၈ ဦး၊ စုစုပေါင်း အလုပ်သမား ၃၅၆၄ ဦးကို စေလွှတ်ခွင့်ပြုပေးခဲ့ရာ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့ကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာ သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှစ၍ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး ၊ စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင်ခဲ့ကြောင်း။
Online ဖြင့် တက်ရောက်နေကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေနွေးတင်ပြသည်။ ယင်းနောက် Online ဖြင့် တက်ရောက် လာကြသည့် အလုပ်သမား ကိုယ်စားလှယ်များက စက်မှုဇုန်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းပြောကြား၍ အမြဲတမ်း အတွင်းဝန်နှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများမှကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်