နေပြည်တော် ဖေဖော်ဝါရီ ၂၅
အကြိမ်(၅၀)မြောက် ရွှေရတု မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ နောက်ဆုံးနေ့ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာနတွင် ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) ဖြင့် ကျင်းပသည်။
နံနက်ပိုင်းတွင် မြန်မာပြည်အတွက် အရေးပါသော ကျန်းမာရေး ပြဿနာဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကြုံတွေ့ရသော အခက်အခဲများဆိုင်ရာ သိကောင်းစရာများကို (Overcoming challenges in COVID-19 vaccination)” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က ဆောင်ရွက်ကြသည်။
နှီးနှောဖလှယ်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းက “မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများအကြောင်း (Overview of COVID-19 vaccine Deployment in Myanmar)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က “ကိုဗစ်-၁၉ကပ်ရောဂါဗေဒဆိုင်ရာ အမြင်များ (Epidemiological Perspective)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာမျိုးစုကြည်က “ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ဗဟိုအဆင့်၌ကြုံတွေ့ရသော အခက်အခဲ များ ဆိုင်ရာသိကောင်းစရာများ (Operational Challenges at Central Level)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့ရသော အခက်အခဲများဆိုင်ရာ သိကောင်းစရာများ (Challenges for the basic health staff at the township level for COVID-19 vaccination)” ခေါင်းစဉ်ဖြင့်လည်ကောင်း ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ် (Virtual)ဖြင့် တက်ရောက်သော ပါမောက္ခများနှင့် ဆေးပညာရှင်များက မေးမြန်းဆွေးနွေးကြသည်။
ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အကောင်းဆုံးစာတမ်းနှင့် ပိုစတာဆုရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေး ဆိုင်ရာ သုံးသပ်ချက်များကို တင်ပြပြီးဆုရရှိသူများကို ကြေညာရာ အကောင်းဆုံးအခြေခံ သုတေသနစာတမ်းဆုကို ဆေးသုတေသနဦးစီးဌာနမှ ဦးသန်းမြတ်စိုးနှင့်အဖွဲ့၊ ဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ ခင်မိမိလေးနှင့် အဖွဲ့ကလည်းကောင်း၊ တတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်ကျော်နှင့် အဖွဲ့ကလည်းကောင်း၊ အကောင်းဆုံး လက်တွေ့အသုံးချသုတေသနစာတမ်းဆုကို အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒေါက်တာ စိုးမင်းဦး နှင့်အဖွဲ့ကလည်းကောင်း၊ အကောင်းဆုံးကျန်းမာရေးစနစ် သုတေသန စာတမ်းဆုကို အားကစားနှင့်ကာယပညာဦးစီးဌာမှ ဒေါက်တာစိုးမင်းဦးနှင့် အဖွဲ့က၊ ဒုတိယဆုကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ဒေါက်တာစုစုလှိုင်နှင့် အဖွဲ့၊ တတိယဆုကို ဆေးတကသိုလ်(၁)မှ ဒေါက်တာ မေစိုးအောင်နှင့် အဖွဲ့ကလည်းကောင်း၊ အကောင်းဆုံးပိုစတာ စာတမ်းဆုကို ဆေးသုတေသန ဦးစီးဌာနမှ ဒေါက်တာမောင်မောင်မြနှင့်အဖွဲ့၊ ဒုတိယဆုကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါက်တာစိုးမင်းဦးနှင့်အဖွဲ့၊ တတိယဆုကို ဆေးဝါး တက္ကသိုလ်၊ မန္တလေးမှ ဒေါက်တာ သဲဦးလွင်နှင့်အဖွဲ့က လည်းကောင်း၊ အကောင်းဆုံးလူငယ် သုတေသီအသုံးချသုတေသန စာတမ်းဆုကို သူနာပြုသင်တန်းကျောင်းမှ ဒေါ်ဇင်မာဝင်းနှင့်အဖွဲ့ ကလည်းကောင်း၊ အကောင်းဆုံးလူငယ်သုတေသီ ကျန်းမာရေးစနစ်သုတေသန စာတမ်းဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ အောင်ပြည့်ဖြိုးနှင့် အဖွဲ့တို့ကလည်းကောင်း ရရှိကြသည်။
သတင်းစဉ်