နေပြည်တော် ဖေဖော်ဝါရီ ၂၄
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စု အလံတော် သယ်ဆောင်ရေး ဆပ်ကော်မတီ အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ အခမ်းအနားနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အလံတော် သယ်ဆောင်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက် အမှာစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုအလံတော် သယ်ဆောင်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်များကို ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက် အားနည်းချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြကာ နောင်တွင်ကျင်းပမည့် အခမ်းအနားများတွင် အောင်မြင် ချောမွေ့စွာ ဆောင်ရွက်ကြနိုင်စေရေး အကြံပြုဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်