Genocide Convention အရလျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
PROFESSOR MR STEFAN TALMON ၏ ပထမအကြိမ်လျှောက်လဲချက်
ကနဦးကန့်ကွက်လွှာ ဒုတိယအချက်
နိဒါန်း
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၁။ ကျွန်တော့်အနေဖြင့် တရားရုံးတော်ရှေ့မှောက်၌ လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။
၂။ ကျွန်တော့်အနေဖြင့် မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ကို တင်သွင်းမှာ ဖြစ်ပါတယ်။
၃။ ယခုအမှုအား Genocide Convention အရ တရားရုံးကိုရောက်လာတဲ့ အခြားအမှုတွေနဲ့ ဤအမှုမတူညီကြောင်းကို ဦးစွာပဏာမပြောချင်ပါတယ်။ ဂမ်ဘီယာသည် ၎င်း၏နိုင်ငံပြင်ပ၌ရှိသော နိုင်ငံသားမဟုတ်သည့်သူများနဲ့စပ်လျဉ်းပြီး လူမျိုးသုဉ်း မှုကို ကျူးလွန်လျက်ရှိကြောင်းဖြင့် စွပ်စွဲလျက်ရှိနေပါတယ်။ ဂမ်ဘီယာနှင့်အမှုဖြစ်ပွားရသည့် အကြောင်းအရာမှာမည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။
၄။ ဤအမှုတွင် ၎င်းအချက်များအပေါ် မူတည်၍ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုရခြင်းအကြောင်း အပေါ်မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေကြောင်းအရတရားစွဲဆိုနိုင်ရန်အတွက် လိုအပ်ချက်များ
၅။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေအရ တောင်းဆိုမှုများကို ပြုလုပ်ရန် အခြေခံကျသည့် စည်းကမ်းချက်တစ်ခုမှာ တောင်းဆိုသည့်နိုင်ငံတွင် တောင်းဆိုမှု ပြုလုပ်နိုင်သည့် ရပ်တည်မှု အခြေအနေရှိရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ မိမိဘက် ကရပ်တည်မှု အနေအထား တစ်ရပ်ရှိမှ တရားရုံးရှေ့မှောက်၌တောင်းဆိုနိုင်သည့် အခွင့်အရေးရနိုင်မှာ ဖြစ်ပါတယ်။ တောင်းဆို နိုင်သော အကြောင်းအရာများတွင် ထိုသို့သောတစ်နိုင်ငံချင်းစီ၏ ထိခိုက်နစ်နာမှု သို့မဟုတ် တစ်နိုင်ငံချင်းစီ၏ တရားဝင် အကျိုးစီးပွားကိုပြသရန် လိုအပ်မှာဖြစ်ပါတယ်။ ယင်းကဲ့သို့ တစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားသည် မည်သည့်နိုင်ငံကမဆို တောင်းဆိုနိုင်သည့် အထွေထွေအကျိုးစီးပွားနှင့် ကွဲပြားနေမှာ ဖြစ်ပါတယ်။
၆။ တရားရုံးရှေ့မှောက်တွင် အပြည်ပြည်ဆိုင်ရာ တာဝန်ရှိမှုများအတွက် ချိုးဖောက်မှု တစ်ခုခုအပေါ် အများကိုယ်စားတရားစွဲဆို ဆောင်ရွက်ပေးခြင်းဆိုတဲ့ သဘောတရားကို အပြည်ပြည်ဆိုင်ရာဥပဒေက လက်ခံထားခြင်း မရှိပါဘူး။ ယင်းအချက်ကို ဂမ်ဘီယာနိုင်ငံက လက်ခံထားပါတယ်။
၇။ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိမှုများအတွက် ချိုးဖောက်မှုတစ်ခုခုကြောင့် နစ်နာမှုကို ခံစားရတဲ့နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တောင်းဆိုမှုပြုလုပ်နိုင်သည်ဆိုခြင်းကို မေးခွန်းထုတ်နေစရာမလိုပါဘူး။ သို့သော် ဂမ်ဘီယာနိုင်ငံသည် နစ်နာသည့် နိုင်ငံမဟုတ်သဖြင့် တောင်းဆိုပိုင်ခွင့်မရှိပါ။
၈။ နစ်နာသည့်နိုင်ငံမဟုတ်သည့် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံးကိုတင်ပြတိုင်တန်းနိုင်ဖို့ဆိုရင် တောင်းဆိုမှု၏ အဓိက အကြောင်းခြင်းရာဖြစ်သောနိုင်ငံ၏ ဥပဒေကြောင်းအရ အကျိုး စီးပွားရှိသည်ဟု ထုတ်ဖော်ပြသရန် လိုအပ်ပါတယ်။ အဆိုပါ အကြောင်းကို ဂမ်ဘီယာနိုင်ငံမှ တင်ပြနိုင်ခြင်းမရှိပါ။
၉။ မိမိတောင်းဆိုသည့် အကြောင်းကိစ္စရပ်ဆိုသည်မှာ တရားရုံးသို့တင်သွင်းမှု အပေါ်ကနေ အဆုံးအဖြတ်ခံယူရတာ ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ထိခိုက်ခံစားခဲ့ရသောသူများအပေါ် လူမျိုးပြုန်းတီးစေသော အမှုအား ကျူးလွန် သည်ဟု စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံက Genocide Convention ကို ချိုးဖောက်သဖြင့် တာဝန်ရှိကြောင်း တရားရုံးကကြေငြာပေးရန် ဂမ်ဘီယာကတောင်းဆိုခြင်း ဖြစ်ပါတယ်။
၁၀။ နစ်နာမှုမရှိသည့် နိုင်ငံတစ်နိုင်ငံသည် Genocide Convention ပါပြဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင်နေသော အခြေအနေရှိမှသာလျှင် တရားရုံးရှေ့မှောက် တင်ပြနိုင်မှာ ဖြစ်ရာ ၎င်းကိုအောက် ဖော်ပြပါအတိုင်းကောက်ချက်ချနိုင်ပါတယ်-
ပထမအချက်အနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၏ တာဝန်ချိုးဖောက်မှုသည် မိမိနိုင်ငံသားများ အပေါ် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အဓိကအကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိလျှင်တောင်မှ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများအရ လိုက်နာဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဥပဒေဆိုင်ရာ အကျိုးစီးပွားတစ်ရပ် သီးခြားရှိနေဖို့ လိုပါတယ်။
ဒုတိယအချက်အနေဖြင့် ဆိုခဲ့သည့် ဥပဒေဆိုင်ရာ အကျိုးစီးပွားတွင် ကွန်ဗင်းရှင်း၏ အပိုဒ် ၈ အရ ကုလသမဂ္ဂ၏ အဓိက အဖွဲ့အစည်းများတွင် ဖြေရှင်းနိုင်သည်သာမက တရားရုံးရှေ့မှောက်တွင် ဥပဒေကြောင်းအရ တရားစွဲဆိုမှုကိုလည်း ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်၊
၁၁။ လူသားချင်းထောက်ထားစာနာမှုဆိုင်ရာ ယူဆချက်တွေဟာ ဥပဒေဆိုင်ရာ အခွင့်အရေးနှင့် တာဝန်တွေကို လုပ်ယူဖန်တီးဖို့ လုံလောက်တဲ့ အကြောင်းတရားတွေ မဟုတ်ပါဘူး။ တရားရုံးက ဖော်ပြခဲ့သလိုပါဘဲ “အမှားအမှန်ခွဲခြားနိုင်သောမူသဘောကို ထည့်သွင်းစဉ်း စားပေးနိုင်သည်မှာ တရားရုံး၏ဥပဒေဖြစ်ပြီး ဥပဒေကဖော်ပြပေးထားသလောက်သာ ထည့်သွင်းစဉ်းစားပေးနိုင် တာဖြစ်ပါတယ်။”
၁၂။ ဒါကြောင့် တရားရုံးကဆုံးဖြတ်ရမည့်ပြဿနာမှာ Genocide Convention ကို လိုက်နာရာမှာ နိုင်ငံရေးဆိုင်ရာနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျိုးစီးပွားမျှသာမဟုတ်ဘဲ ဥပဒေ ဆိုင်ရာ အခွင့်အရေး သို့မဟုတ် အကျိုးစီးပွားတစ်ရပ်ရပ်ကို ဂမ်ဘီယာနိုင်ငံသို့ အပ်နှင်းပါသလား၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ထိခိုက်ခံရသူတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခြင်းဖြင့် Genocide Convention ကို ချိုးဖောက်ကြောင်းစွပ်စွဲချက်အပေါ် မြန်မာနိုင်ငံက တာဝန်ရှိသည်ဟု တရားရုံးက သတ်မှတ်ကြေညာရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခွင့်ရှိပါသလားဟုဆိုသော အချက်ဖြစ်ပါတယ်။
၁၃။ ဂမ်ဘီယာနိုင်ငံက အဆိုပါ ဥပဒေဆိုင်ရာအခွင့်အရေးမရှိခဲ့လျှင် ၎င်းအနေဖြင့် အမျိုးမျိုး သောစွပ်စွဲချက်များ ရှိခဲ့လျှင်တောင်မှ တောင်းဆိုချက် အတိုင်းကြေငြာပေးရန် ဆောင်ရွက်နိုင် သည့် အခြေအနေမရှိပါ။
ဂမ်ဘီယာနိုင်ငံတွင် ဥပဒေဆိုင်ရာအခွင့်အရေးမရှိခြင်း
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၁၄။ Genocide Convention တွင် အဖွဲ့ဝင် နိုင်ငံများအား မိမိနိုင်ငံပြင်ပရှိ မိမိနိုင်ငံသား မဟုတ်သောသူများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို ကျူးလွန်လျက်ရှိကြောင်း စွပ်စွဲချက်နှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ တစ်နိုင်ငံချင်းစီတွင် ဥပဒေဆိုင်ရာ အခွင့်အရေးဖြစ်စေ အကျိုးခံစားခွင့်ဖြစ်စေ ပေးအပ်ထားခြင်းမရှိကြောင်းကို မြန်မာနိုင်ငံက တင်ပြထားပါတယ်။ ကွန်ဗင်းရှင်းတွင် တရားရုံးအနေဖြင့် စာချုပ်ဝင်နိုင်ငံများအား ကြီးကြပ်ဆောင်ရွက်နိုင်သော အထွေထွေတရားစီရင်ရေးဆိုင်ရာ အခွင့်အာဏာကဲ့သို့ ပြုနိုင်ကြောင်း ဖော်ပြချက်မျိုး မရှိကြောင်း တွေ့ရှိရပါတယ်။
နိုင်ငံအများနှင့် နိုင်ငံတစ်နိုင်ငံချင်းစီဆိုင်ရာ ဥပဒေအကျိုးခံစားခွင့် ကွဲပြားခြားနားချက်
၁၅။ အခြေအနေအရပ်ရပ်အားလုံးတွင် Genocide Convention အရ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ၏ တာဝန်ဝတ္တရားများ၌ တစ်နိုင်ငံချင်းစီက စောင့်ထိန်းရန် တာဝန်ရှိခြင်းကြောင့် စာချုပ်အဖွဲ့ဝင်တစ်နိုင်ငံစီတွင် တစ်နိုင်ငံချင်းစီအလိုက် ဥပဒေကြောင်းအရ အကျိုးခံစားခွင့် ရှိခြင်းနှင့်စပ်လျဉ်း၍ တရားရုံးကမည်သည့်အခါကမျှ ဖော်ပြခြင်းမရှိခဲ့ကြောင်းကို အလျဉ်းသင့်၍ မိမိ ၏တွေ့ရှိချက်ကိုတင်ပြလိုပါတယ်။ Genocide Convention တွင် ချွင်းချက် ထားခြင်း နှင့်စပ် လျဉ်း၍ တရားရုံး၏အကြံပြုချက်တွင် အောက်ပါအတိုင်းဖော်ပြထားခဲ့ပါတယ်-
“ဤသို့သောကွန်ဗင်းရှင်းတွင် စာချုပ်ဝင်နိုင်ငံများသည် ၎င်းကိုယ်ပိုင် အကျိုးစီးပွားခံစားခွင့်မရှိဘဲ ၎င်းတို့တွင် ကွန်ဗင်းရှင်း၏ အဓိကရည်ရွယ်ချက်ပြီး မြောက်အောင်ဆောင်ရွက်ခြင်း အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွား (Common Interest) တစ်ခုတည်းသာရှိပါသည်။”
၁၆။ ယခုအမှုနှင့်စပ်လျဉ်း၍ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်တွင် တရားရုံးက အောက်ဖော်ပြပါအတိုင်း ဆုံးဖြတ် ထားပါတယ်-
“Genocide Convention ၏အဖွဲ့ဝင်နိုင်ငံများအားလုံးသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကာကွယ်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သောအကျိုးစီးပွား (Common Interest) ရှိရန်လိုအပ်ပြီး ဖြစ်ပွားခဲ့ပါကလည်း ပြုလုပ်သူများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် မပေးသင့်ပါ”
၁၇။ ကွန်းဗင်းရှင်း၏ အဓိကရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရာတွင် အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား (Common Interest) သည် တရားရုံးရှေ့ မှောက်တွင် အတည်ပြုရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်နှင့် တူညီမှု မရှိပါဘူး။ ၁၉၅၁ ခုနှစ်ကတရားရုံး၏အကြံပြုချက်တွင် Genocide Convention ကို ချွင်းချက် ထားခြင်းအပေါ် ကန့်ကွက်ရာတွင် တရားရုံးကလက်မှတ်ရေးထိုး အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား (Common Interest) နှင့် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ တစ်နိုင်ငံ ချင်းစီ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့် တို့အကြား ခွဲခြမ်းစိတ်ဖြာ၍ ဖော်ပြထားပြီး ဖြစ်ပါတယ်။
၁၈။ Genocide Convention ၏ အပိုဒ် ၆ နှင့် အပိုဒ် ၇ တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား (Common Interest) ၏ စကားရပ်အား အကန့်အသတ်ဖြင့် ဖော်ပြထားပါတယ်။ အဆိုပါဖော်ပြချက်များသည် စာချုပ်ဝင်နိုင်ငံများအား မိမိတို့နယ်မြေ၏ ပြင်ပတွင်ဖြစ်ပွားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို အရေးယူ ဆောင်ရွက်နိုင်ရန် အခွင့်အာဏာ ပေးအပ်ထားခြင်းမရှိသည့်အပြင် ထိုသို့သော ကျူးလွန်မှုများ အတွက် တရားခံလွှဲပြောင်းပေးရန် တောင်းဆိုပိုင်ခွင့် လည်း မပေးထားပါ။
၁၉။ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကဆုံးဖြတ်ခဲ့သည့် Bosnian Genocide အမှုမှာ တရားရုံးမှ လျှောက်ထားသူ၏ နယ်နိမိတ်ပြင်ပရှိ ၎င်း၏နိုင်ငံသား မဟုတ်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲတောင်းဆိုမှုနှင့်စပ်လျဉ်းပြီး လျှောက်ထားသူရဲ့ ဥပဒေကြောင်းအရ အကျိုးခံစားခွင့်တွင်လည်းကောင်း အမှုစွဲဆိုဆောင်ရွက်ပိုင်ခွင့်အပေါ်တွင် လည်းကောင်း မေးခွန်းထုတ်စရာဖြစ်ပေါ်စေနိုင်တယ်” လို့ အတိအလင်း ဖော်ပြခဲ့ပါတယ်။ ၎င်း အချက်သည် ဥပဒေကြောင်းအရ အကျိုးခံစားခွင့် ကိုဖြစ်စေ အမှုစွဲဆိုဆောင်ရွက်ပိုင်ခွင့် ကိုဖြစ်စေ အဖွဲ့ဝင်နိုင်ငံများအားလုံး နှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) အရ ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဖော်ပြနေပါတယ်။
၂၀။ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သောအကျိုးစီးပွား (Common Interest) ကို အသုံးပြုနိုင်ကြောင်း ဤအမှုနှင့် စပ်လျဉ်း၍ တရားရုံးကချမှတ်ခဲ့သော အမိန့်တွင် “မည်သည့် နိုင်ငံကမဆို အငြင်းပွားမှုဖြေရှင်းရမည့်တာဝန်သည် အခြား ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ အတွက်ပါ တာဝန်ရှိပါသည်” ဟု ဖော်ပြထားသော်လည်း အဆိုပါပြောဆိုချက်တွင် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံစီနှင့် အဖွဲ့ဝင်နိုင်ငံတိုင်းတွင် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ဖြင့် တရားစွဲဆိုနိုင်ခြင်း ရှိ မရှိကို ပြောဆို ထားခြင်းမရှိပါ။
၂၁။ ဥပမာ Genocide Convention ၏ အပိုဒ် ၅ အရ အဖွဲ့ဝင်နိုင်ငံများသည် ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ရန်အတွက် လိုအပ်သည့် ဥပဒေပြဌာန်းရန် တာဝန်ရှိပြီး အဓိကအားဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သူများ အား ထိရောက်သည့် ပြစ်ဒဏ်ပေးရန်လည်း တာဝန်ရှိပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၂၂။ ဥပမာအားဖြင့် Liechtenstein နိုင်ငံက Tonga နိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်များ သည် ထိရောက်မှုမရှိဟု ယူဆသောကြောင့် Tonga နိုင်ငံက Genocide Convention ကို ချိုးဖောက်ကြောင်းစွပ်စွဲချက်ဖြင့် ဤတရားရုံးရှေ့မှောက်တွင် Tonga နိုင်ငံကို နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်အရ တရားစွဲဆိုခွင့်ရှိသလား ဆိုလျှင်အဖြေက တရားစွဲဆိုခွင့်မရှိပါဟုသာ ပြောနိုင်ပါတယ်။
၂၃။ Genocide Convention အရ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံချင်းစီတွင် တရားစွဲဆိုအရေးယူ ဆောင်ရွက်နိုင်သော ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ရှိလျှင် မည်သည့်အချိန်တွင်မဆို Genocide Convention ၏ အပိုဒ် ၉ အရ တရားရုံး၏ စီရင်ပိုင်ခွင့်ကို ခြွင်းချက် မထားသည့်စာချုပ်ဝင် ၁၃၆ နိုင်ငံ အသီးသီးက ကျန် ၁၃၅ နိုင်ငံထဲမှမည်သည့်နိုင်ငံတစ်နိုင်ငံကိုမဆို ကွန်ဗင်းရှင်းအရ ၎င်းတို့ ၏ တာဝန်များကိုချိုးဖောက်ကြောင်း စွပ်စွဲချက်ဖြင့် တရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ စာဖြင့်ရေးသားထားသည့် လျှောက်လဲချက်တွင် တင်ပြထားခဲ့သလိုပင် မီးသေဆုံးဖြတ်ချက်က အကျိုးသက်ရောက်မှုမရှိသောကြောင့် ထိုသို့သောအမှုတွင် အခြားသော ၁၃၄ နိုင်ငံက တရား ရုံး၏ စီရင်ထုံးကိုလိုက်နာနိုင်မည်ဟုတ်ပါ။ ထို့အတွက်ကြောင့် အဆိုပါစာချုပ်ဝင်နိုင်ငံများသည် နိုင်ငံတစ်ခုတည်းအပေါ် တောင်းဆိုမှုတစ်ခုတည်းဖြင့် ထပ်ခါထပ်ခါ တရားစွဲဆိုနိုင်ခွင့်ရရှိသွား တော့မှာ ဖြစ်ပါတယ်။
၂၄။ Genocide Convention အာဏာသက်ဝင်ပြီးနောက် ၇၁ နှစ် တာကာလအတွင်း ကမ္ဘာ တစ်ဝှမ်းတွင် ထိုသို့သော လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟုစွပ်စွဲချက် အများအပြားရှိခဲ့ သော်လည်း မည်သည့်နိုင်ငံကမျှ မိမိနိုင်ငံ၏ အကျိုးစီးပွား သို့မဟုတ် မိမိနိုင်ငံသားများ၏ အကျိုးစီးပွား ကိုထိခိုက်မှုမရှိစေဘဲ ကွန်ဗင်းရှင်းကိုချိုးဖောက်ကြောင်း စွပ်စွဲ၍တရားရုံး၌ တရား စွဲဆိုခဲ့ခြင်းမရှိခဲ့ပါ။ ဤအချက်ကိုခိုင်လုံသောအချက်ဟုမပြောနိုင်သော်လည်း စာချုပ်ဝင်နိုင်ငံများသည် ယေဘုယျအားဖြင့် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ကွန်ဗင်းရှင်းကိုချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ အခြားစာချုပ်ဝင်နိုင်ငံတွင် တာဝန်ရှိကြောင်း တရားရုံး ကကြေညာနိုင်ရန်အတွက် မည်သည့်နိုင်ငံကမျှ တရားရုံးသို့တောင်းဆိုနိုင်ခွင့်ရှိသည်ဟု မယူဆကြသည်ကို ဤအချက်က ညွှန်ပြနေပါတယ်။
နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်သည် အပိုဒ် ၉ စီရင်ပိုင်ခွင့်ဆိုင်ရာအချက်မှပေါ် ပေါက်လာခြင်းမဟုတ်ကြောင်း
၂၅။ အထူး သို့မဟုတ် တိုက်ရိုက် ထိခိုက်သည့်အချက်မရှိသော်ငြား Genocide Convention အပိုဒ် ၉ သည် လက်ရှိအမှုတွင် တရားရုံးက အမှုကိုစစ်ဆေးကြားနာနိုင်ရန်အတွက် လက်ခံနိုင် ကြောင်း ဂမ်ဘီယာက လျှောက်လဲထားပါတယ်။ သို့ရာတွင် အပိုဒ် ၉ သည်စီရင်ပိုင်ခွင့်နှင့်သာ သက်ဆိုင်ပြီးအမှုလက်ခံမှုနှင့် ၎င်း၏ရပ်တည်ချက်ပြဿနာနှင့် မသက်ဆိုင်ပါ။ ၎င်း၏ရပ်တည်မှု အတွက် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ရှိရန်လိုအပ်ပြီး သို့မှသာ တရားရုံးသို့ လျှောက်ထားတောင်းဆိုနိုင်ပါမယ်ဟု မြန်မာနိုင်ငံက လျှောက်လဲထားပါတယ်။
၂၆။ အပိုဒ် ၉ စီရင်ပိုင်ခွင့်အချက်မှမည်သည့် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့် မျှပေါ်ပေါက်လာခြင်းမရှိပါ။ တရားရုံး က မှတ်ချက်ပြုထားသည့်အတိုင်း စီရင်ပိုင်ခွင့်ဆိုင်ရာ အပိုဒ်များသည် ၎င်းတို့၏ သဘောသဘာဝနှင့် အကျိုးသက်ရောက်မှု၏ လုပ်ထုံးလုပ်နည်း မျှသာဖြစ်ပြီး အရင်းခံဥပဒေမဟုတ်ပါ။ စီရင်ပိုင်ခွင့်ဆိုင်ရာ အပိုဒ်တစ်ပိုဒ် တွင်ပါဝင်သည့် အရည် အသွေးသည် နိုင်ငံတစ်နိုင်ငံက ရပ်တည်ချက် ရှိ မရှိ မေးခွန်းကို ဖြေရှင်းနိုင်ခြင်း မရှိပါ။ တရား ရုံးကိုယ်တိုင်က ထောက်ပြထားသည့်အတိုင်း တရားရုံး၏ ပြဌာန်းဥပဒေ အပိုဒ် ၃၆ စာပိုဒ် ၂ အရ ကြေညာချက်အပိုဒ်ရှိ ကျယ်ပြန့်သောဘာသာစကား၌ အကျုံးဝင်သည့် အငြင်းပွားမှုများအားလုံး ကိုနိုင်ငံတစ်နိုင်ငံ၏ ဥပဒေဆိုင်ရာအကျိုးခံစားခွင့် အတွက်တောင်းဆိုမှုများမှ ကင်းလွတ်ခွင့် ပြုရန် နိုင်ငံများကပြုလုပ်နိုင်ပါတယ်။
၂၇။ နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ရှိကြောင်း ရပ်တည်ချက်ရှိကြောင်း သက်သေပြရန် မလုပ်ဆောင်ခဲ့ပါဘဲ အပိုဒ် ၉ အရ တရားရုံးတွင် စီရင်ပိုင်ခွင့်ရှိကြောင်း ၎င်း၏ စာဖြင့်ရေးသားလျှောက်လဲချက်တွင် ဂမ်ဘီယာက ရှည်လျားစွာဖော်ပြရန် အားထုတ်ခဲ့ပါတယ်။
Genocide Convention အရမည်သည့် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင်အခြားနိုင်ငံများ အပေါ် တာဝန်ရှိမှုမှ ဥပဒေဆိုင်ရာ အကျိုးခံစားခွင့် ပေါ်ပေါက်လာခြင်းမရှိ။
၂၈။ Genocide Convention အရ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင် အခြားနိုင်ငံများ အကျိုးအတွက်တာဝန်ရှိသောကြောင့် ၎င်း၏အထူးအကျိုးစီးပွားရှိမှု မရှိမှုကို သက်သေပြရန် မလိုဘဲလျော်ကြေးရရှိရန် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင်အခြား မည်သည့်နိုင်ငံများအပေါ် တရားစွဲဆိုခွင့်ရှိကြောင်းဂမ်ဘီယာက လျှောက်လဲ ထားပါတယ်။
၂၉။ သို့ရာတွင် စာချုပ်တစ်ခုအရ စာချုပ်ဝင်အခြားနိုင်ငံများ အကျိုးအတွက် တာဝန်ရှိမှုသည် စာချုပ်ဝင်နိုင်ငံအားလုံးကို တရားရုံး ရှေ့၌ ဖြေရှင်းရန် အလိုအလျောက် ခွင့်ပြု ထားခြင်း မရှိပါ။ တာဝန်တစ်ရပ်၏ ခိုင်မာသော သွင်ပြင်လက္ခဏာသည် စီရင်ပိုင်ခွင့်နှင့် အမှုလက်ခံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းလိုအပ်ချက်များမှာ ကွဲပြားခြားနားပါတယ်။
၃၀။ တရားရုံးကအောက်ပါအတိုင်း ဖော်ပြထားပါတယ် -
“စာချုပ်ဝင်အခြားနိုင်ငံများအကျိုးအတွက်တာဝန်ရှိမှု သွင်ပြင်လက္ခဏာ၏ စံနှင့် စီရင် ပိုင်ခွင့် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် မတူညီသောအရာနှစ်ခုဖြစ်ပါသည်။ စာချုပ်ဝင် အခြားနိုင်ငံများအကျိုးအတွက် တာဝန်ရှိမှုအခွင့်အရေးနှင့် တာဝန်ဝတ္တရားများ သည် ဖြေရှင်းရန် တရားရုံးစီရင်ပိုင်ခွင့် မပေးထားသော အငြင်းပွားမှုတစ်ခုမှ ငြင်းချက်မျှသာ ဖြစ်နိုင်ပါသည်။
၃၁။ စာချုပ်ဝင်အခြားနိုင်ငံများအကျိုးအတွက် တာဝန်ရှိမှုတစ်ခု၏ သွင်ပြင်လက္ခဏာသည် အမှုကိုလက်ခံရန်တောင်းဆိုမှုအတွက် အခြေခံအချက်မဖြစ်နိုင်ပါ။ Belgium v. Senegal အမှု တွင် တရားသူကြီး Xue က “အများသူငါအကျိုးစီးပွားအတွက်တရားရုံးတွင် အမှုစွဲဆိုရန် နိုင်ငံ တိုင်းနှင့် တစ်နိုင်ငံချင်းစီ၌ ယေဘုယျအားဖြင့် အခွင့်အရေးမရှိပါ”ဟု ညွှန်ပြထားပါတယ်။
၃၂။ လက်ရှိတရားစွဲဆိုဆောင်ရွက်မှုများအနက် Barcelona Traction case တွင် စာချုပ်ဝင် အခြားနိုင်ငံများအကျိုးအတွက် တာဝန်ရှိမှုသည် လူသားတို့၏ အခြေခံအခွင့်အရေးနှင့် သက်ဆိုင်သည့် နည်းဥပဒေများနှင့် စည်းမျဉ်းများ၊ လူမျိုးတုန်းသတ်ဖြတ် ခြင်း လုပ်ဆောင်မှု၌ ဥပဒေကို မျက်ကွယ်ပြုခြင်းများမှ ဆင်းသက်လာကြောင်း တရားရုံးကဆုံးဖြတ်ထားပါတယ်။ သို့ရာတွင် တာဝန်ရှိမှုများ၏ ထူးခြားချက်မှာ အမှုကိုလက်ခံရန် တောင်းဆိုခြင်းဆိုင်ရာ မေးခွန်းကို ဖြေရှင်း မှုမပြုနိုင်ခြင်းပင်ဖြစ်ပါတယ်။ တရားရုံးက သုံးသပ်သည်မှာ လူ့အခွင့်အရေး ပါဝင်သော စာချုပ်များပင်လျှင် ၎င်းတို့၏နိုင်ငံသားနှင့် မသက်ဆိုင်လျှင် နစ်နာသူ အပေါ် ချိုးဖောက်သော ကိစ္စများကိုကာကွယ်ရန် စာချုပ်ဝင်နိုင်ငံများသို့ လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်း မရှိပေ။ ဤ ဆက်သွယ်မှုတွင် Judge Shahabuddeen ၏ ‘ဂျီနိုဆိုက်ကွန်ဗင်းရှင်းသည် ကုလသမဂ္ဂက ချမှတ်ထားသည့် ပထမဆုံးသော လူ့အခွင့်အရေး စာချုပ်ဟုဖော်ပြရန် ယုတ္တိမရှိကြောင်း’ အကဲဖြတ်မှုကို ပြန်လည်အမှတ်ရစေလိုပါတယ်။
၃၃။ တရားသူကြီး Ammoun က Barcelona Traction အမှုမှာ “အများသူငှာအကျိုးကာကွယ် ဖို့အတွက် ဆောင်ရွက်တဲ့ နိုင်ငံ တစ်နိုင်ငံဟာ ဥပဒေအရ အကာအကွယ်ပြုထားတဲ့ တရားဝင် အကျိုးစီးပွားစပ်ဆိုင်မှုရှိကြောင်း သက်သေပြရမယ်”လို ဖော်ပြခဲ့ပါ တယ်။
၃၄။ Bosnian Genocide အမှုမှာ “နယ်နိမိတ်တွင် နိုင်ငံသားမဟုတ်သူများအား ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်စပ်လျဉ်းသည့် လျှောက်ထားသူရဲ့တောင်း ဆိုချက်” ကို တရားရုံးကအလေးပေးဖော်ပြခဲ့ပါတယ်။ တရားရုံး က “ဒီတောင်းဆိုချက်ဟာ ဘောစနီးယားနိုင်ငံသား မဟုတ်သူများနှင့်ဆက်စပ်နေသမျှ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လျှောက်ထားသူရဲ့ ဥပဒေဆိုင်ရာအကျိုးစီးပွား သို့မဟုတ် အမှုစွဲဆိုဆောင်ရွက်ပိုင်ခွင့်အပေါ်တွင်လည်းကောင်း၊ နိုင်ငံတကာ ဥပဒေစံနှုန်းကို ပစ်ပယ်၍ မရဆိုသော မူသဘောတရားနှင့် နိုင်ငံတကာ လူ့အသိုင်းအဝိုင်းအပေါ်တာဝန်ခံမှု သဘောတရားများ အပေါ်တွင်လည်းကောင်း ပြဿနာ ဖြစ်ပေါ်စေနိုင်ပါတယ်” လို ဖော်ပြခဲ့ပါတယ်။
၃၅။ တရားရုံးအနေနဲ့ အဆိုပါဥပဒေပြဿနာများကို ကိုင်တွယ်ဖြေရှင်းစရာ မလိုခဲ့သော်လည်း Genocide Convention အရ စာချုပ်ဝင်အခြားနိုင်ငံများ အကျိုးအတွက်တာဝန်ရှိမှု၏ သွင်ပြင်လက္ခဏာသည် အလိုအလျောက်တရားစွဲဆို ဆောင်ရွက် နိုင်ခွင့်မရှိကြောင်းကို ကိုးကားစာပိုဒ်၌ ဖော်ပြထားပါတယ်။
တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက်(Invocation of responsibility)နှင့် တောင်းဆိုချက်များအား လက်ခံခွင့်ပြုခြင်း (Admissibility of Claims) တို့ခြားနားချက်
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ၊
၃၆။ Genocide Convention အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အထူးအကျိုးခံစားခွင့်ရှိကြောင်း သက်သေပြစရာ မလိုဘဲ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံ၏ တာဝန်ချိုးဖောက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းပြီး ယင်းစာချုပ်ဝင်နိုင်ငံ၏ တာဝန်ရှိမှုကို တောင်းဆိုခွင့်ရှိသည်ဆိုသော အချက်ကို အခြေခံ၍ ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုခွင့်ရှိကြောင်း တင်ပြထားပါတယ်။ ဒီတင်ပြချက်မှာ အကြောင်း အရာနှစ်ရပ်ကို ဆန်းစစ် တွေ့ရှိရပါတယ်။
၃၇။ ပထမအချက်က တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက်သည် နိုင်ငံ၏တာဝန်ရှိမှုဆိုင်ရာ ဥပဒေသမှာ ပါဝင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် (ILC) အရဆိုလျှင် တောင်းဆိုချက်သည် တရားဝင်သဘောဖြစ်တဲ့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းအဖြစ် နားလည်လက်ခံနိုင်မည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးတစ် ခုခုတွင်တရားစွဲဆိုမှုစတင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။
၃၈။ သို့ရာတွင် နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် (ILC) ၏ သုံးသပ်ချက်မှာ မှတ်ချက်ပြု ထား တာကတော့ ၎င်းပြဌာန်းချက်များဟာ အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးတွေမှာ အမှု လက်ခံခွင့်ပြုခြင်း ဆိုင်ရာစည်းကမ်းချက်များနှင့် မသက်ဆိုင်ပါဘူး။ ဒီပြဌာန်းချက်တွေဟာ အခြားနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများက တာဝန်ယူစေခြင်းကိုတောင်းဆိုမှုအတွက် သတ်မှတ် ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေပဲ ဖြစ်ပါတယ်။
၃၉။ ဒါကြောင့် တောင်းဆိုမှုများကို လက်ခံခွင့်ပြုခြင်းနှင့် တရားစွဲဆိုခွင့်ရှိကြောင်း ကိစ္စရပ် တို့အတွက် နိုင်ငံ၏တာဝန်ရှိမှုဆိုင်ရာ ဥပဒေအရ ကောက်ချက်ချလို့မရပါဘူး။ အထူးသဖြင့် နိုင်ငံရဲ့ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်ဆိုတာ အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးမှာ အမှုတင်သွင်းရန် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ရှိခြင်းလို့ အလို အလျောက် အဓိပ္ပါယ် မသက်ရောက်ပါဘူး။
၄၀။ ဒုတိယအချက်အနေနဲ့ တာဝန်ရှိမှုကို တောင်းဆိုခွင့်ရှိဖို့အတွက် ဥပဒေဆိုင်ရာ အထူးအကျိုးခံစားခွင့်ရှိကြောင်း ကောင်းစွာ သက်သေပြရန် လိုအပ်ပါတယ်။ လူတစ်ဦး တစ်ယောက် ချင်းအပေါ်မှာ နိုင်ငံတကာဥပဒေချိုးဖောက်မှုကို ကျူးလွန်ကြောင်း စွပ်စွဲထားတဲ့ ယခုလိုအ မှုမျိုးမှာ ထိုသို့သက်သေပြရန် အထူးလိုအပ်ပါတယ်။
၄၁။ Genocide Convention ဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ILC ရဲ့အသုံးအနှုန်းအရ သက်ဆိုင်သူတစ်ဦး တစ်ယောက်ချင်းကိုမူလ အကျိုးခံစားခွင့်ရှိသူတွေ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအခွင့် အရေးတွေကို ခံစားခွင့်ရှိသူတွေအဖြစ် လည်းကောင်း မှတ်ယူသင့်တယ်လို့ ဆိုပါတယ်။
၄၂။ နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက် အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က) သည် ယခုအမှုကိစ္စနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ပြဌာန်းချက်အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က)တွင် “တောင်းဆိုချက် တစ်ရပ်သည် နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းနှင့်အညီ တောင်းဆိုခြင်းမဟုတ်လျှင် နိုင်ငံတစ်နိုင်ငံ၏တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်မရှိ” ဟု ပြဌာန်းထားပြီး ယင်းပြဌာန်းချက်ဟာ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေကို ထင်ဟပ်လျက် ရှိပါတယ်။
၄၃။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းအရ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြား နိုင်ငံတစ်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ဆန့်ကျင်လျက် ပြုမူခြင်းကြောင့် လူတစ်ဦး တစ်ယောက်ချင်းအပေါ် သို့မဟုတ် လူအုပ်စုအပေါ် ထိခိုက်မှုဖြစ်ပေါ်တဲ့အခါ ထိုသို့ထိခိုက် သူများသည် မိမိနိုင်ငံသားများ ဖြစ်မှသာ ကာကွယ်စောင့်ရှောက်မှုပြုနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံဟာ မိမိနိုင်ငံသား မဟုတ်သူများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် မရှိပါဘူး။ မှားယွင်း မှုပြုသောနိုင်ငံ၏ နိုင်ငံတကာ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုနိုင်ခွင့်ဆိုတာ ထိခိုက်ခံရသည့် နိုင်ငံသား၏ နိုင်ငံကသာ ခံစားခွင့်ရှိသော ဥပဒေ ဆိုင်ရာအထူးအကျိုးခံစားခွင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသား၏ အာမခံချက်တစ်ခုပါ။
၄၄။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းနှင့်စပ်လျဉ်း၍ ILC က “အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုလက်ခံနိုင်ခြင်း ရှိ မရှိ ဟူသော မေးခွန်းများသည် ပို၍အခြေခံ ကျသောလက္ခဏာများ ဖြစ်လာသည်။ ယင်း မေးခွန်းများသည် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအတွက် ရှေးဦးစွာ တင်ပြရမည့် အခြေအနေများပင် ဖြစ်သည်” ဟုလည်းကောင်း၊ နိုင်ငံ၏တာ ဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက် အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က)တွင် နိုင်ငံသား အတွက်တောင်းဆိုပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းသည် တရားစီရင်ရေးအဖွဲ့များတွင် အမှုလက်ခံနိုင်မှု ရှိ မရှိ ဆိုခြင်းနှင့်သာ သက်ဆိုင်နေခြင်း မဟုတ်ဘဲ ၎င်းနှင့်သက်ဆိုင် သည့် အမှုကိစ္စများတွင် တာဝန်ရှိမှုကို ကိုးကားတောင်းဆိုနိုင်ရန်အတွက် ယေဘုယျ အခြေအနေ တစ်ရပ်နှင့်လည်း သက်ဆိုင်နေ ကြောင်း ရှင်းလင်းစွာ ပြဌာန်းထားသည်” ဟုလည်းကောင်း ရေးသားဖော်ပြခဲ့ပါတယ်။
၄၅။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းသည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက အခြားစာချုပ်ဝင် နိုင်ငံအားလုံးအပေါ် တာဝန်ရှိမှုကို ချိုးဖောက်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နစ်နာ သည့်နိုင်ငံနှင့် နစ်နာခြင်းမရှိသည့်နိုင်ငံတို့က အဆိုပါတာဝန်ရှိမှုကို ကိုးကားတောင်းဆိုသည့် ကိစ္စရပ်များနှင့် အကျုံးဝင် သက်ဆိုင်ပါတယ်။ ဒီသဘောတရားကို နိုင်ငံ၏တာဝန် ရှိမှုဆိုင်ရာ ပြဌာန်းချက် အပိုဒ် ၄၂ (ခ)၊ ၄၈(၁)နှင့်(၃) တို့မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
၄၆။ ဂမ်ဘီယာနိုင်ငံက နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံ၏ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုရန် အခွင့်အရေး ရှိသည်ဆိုလျှင် တရားရုံးတွင် ထိုသို့တောင်းဆိုမှု ပြုခွင့်အနေအထားလည်း မလွဲမသွေရှိသည်ဟု လျှောက်လဲထားတာကိုတွေ့ရပါတယ်။ သို့သော် ယခုတင်ပြခဲ့သလိုပဲ နိုင်ငံ၏ တာဝန်ရှိမှုဆိုင်ရာဥပဒေသအရ ဂမ်ဘီယာသည် ၎င်း၏နိုင်ငံသားများ မဟုတ်သူများနှင့် စပ်လျဉ်း၍ Genocide Convention ကို ချိုးဖောက်မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသည်ဟူ၍ တောင်းဆိုခြင်းမပြုနိုင်ပါဘူး။
၄၇။ ဒါကြောင့် ဂမ်ဘီယာနိုင်ငံအနေနဲ့ မိမိဘာသာ လိုသလိုအဓိပ္ပာယ်ကောက်ယူပြီး ယခုလို တရားရုံးတော်မှာ တရားစွဲဆိုခွင့် မရှိပါဘူး။
တရားစွဲဆိုရန် (သို့မဟုတ်)တရားခံလွှဲပြောင်းပေးရန်တာဝန်နှင့်ပတ်သက်သောအမှုကိစ္စနှင့်ယခု အမှုတို့၏ ခြားနားချက်
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ၊
၄၈။ ဂမ်ဘီယာသည် ၎င်း၏စီရင်ပိုင်ခွင့်နယ်မြေပြင်ပမှာ ရှိနေတဲ့ နိုင်ငံသားမဟုတ်သူများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိကြောင်း စွပ်စွဲချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိ သည်ဟု ကိုးကား တောင်းဆိုလျက်ရှိပါတယ်။
၄၉။ အထူးသဖြင့် တရားစွဲဆိုရန် သို့မဟုတ် တရားခံလွှဲပြောင်းပေးရန် တာဝန်နှင့်ပတ်သက်ပြီး အငြင်းပွားကြတဲ့ Belgium v. Senegal အမှုဟာဂမ်ဘီယာအနေနဲ့ အလွန်အမင်းအားကိုး အားထားပြုနေသည့် နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာ မေးခွန်းကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ Belgium က Senegal သည် ညှည်းပမ်းနှိပ်စက်မှု မြောက်သည့်လုပ်ရပ်များကို ခွင့်ပြုထားခြင်းဖြင့် ညှည်းပမ်းနှိပ်စက်မှုဆန့်ကျင် တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (Convention against Torture) ကို ဖောက်ဖျက်ခဲ့တယ်လို့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ Senegal ဟာ ၎င်း၏စီရင်ပိုင်ခွင့် နယ်မြေအတွင်းမှာ ရောက်ရှိနေတဲ့ ပြစ်မှု ကျူးလွန်သူနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ပဏာမစုံစမ်း စစ်ဆေးမှုပြု လုပ်ရန်နဲ့ တရားစွဲဆို နိုင်ရေး သက်ဆိုင်ရာအာဏာပိုင်သို့ တင်ပြရန် ၎င်း၏တာဝန်များကို ချိုးဖောက်ခဲ့တဲ့အတွက် Belgium က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုမှာ Belgium အနေနဲ့ Senegal နိုင်ငံက အထက်ပါတာဝန်များကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်များအတွက် Senegal နိုင်ငံတွင် တာဝန်ရှိသည်ဟု တောင်းဆိုခွင့်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Senegal လုပ်ဆောင်ပေးရမဲ့ အထက်ပါတာဝန်များဟာဆိုရင် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ကျန်စာချုပ်ဝင်နိုင်ငံ အားလုံးအပေါ် တာဝန်ရှိမှု (erga omnes partes) ထဲမှာ သက်ဆိုင် အကျုံးဝင်နေတဲ့အတွက် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံချင်းစီဟာ မည်သည့်အခြေအနေမှာမဆို ဖော်ပြပါတာဝန်များကို လိုက်နာဆောင်ရွက်စေဖို့ အကျိုးစီးပွားရှိတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ Belgium အပါအဝင် ညှည်းပမ်းနှိပ်စက်မှု ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (Convention against Torture) အဖွဲ့ဝင်နိုင်ငံ အသီးသီးသည် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက စာချုပ်ပါ၎င်း၏တာဝန်ကို ချိုးဖောက်သည့်အခါ ထိုချိုး ဖောက်မှုကြောင့် အမှန်တကယ်ထိခိုက်သည့်နိုင်ငံကဲ့သို့ မိမိတွင် သိသိသာသာထိခိုက်မှုရှိကြောင်းကို သက်သေ ပြရန်မလိုဘဲ ၎င်းနိုင်ငံရဲ့တာဝန်ရှိမှုကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
၅၀။ Belgium v. Senegal အမှုကို အခြေခံလျှက် တရားရုံးက ကြားဖြတ်စီမံဆောင် ရွက်ချက် အမိန့် (Provisional Measures Order) တွင် “အထူးတလည်ထိခိုက်သည့်နိုင်ငံသာမက Genocide Convention ၏ မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို အခြားအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက erga omnes partes တာဝန်ဝတ္တရားများကို လိုက်နာရန်ပျက်ကွက်ပါက ၎င်းပျက်ကွက်သည့်နိုင်ငံ၏ တာဝန်ဝတ္တရားများ လိုက်နာရန်ပျက်ကွက်မှုကို အဆုံးသက်စေရန် တောင်းဆို နိုင်ပါသည်” ဟု ဖော်ပြခဲ့ပါတယ်။
၅၁။ ထိုဖော်ပြချက်ဟာ လေ့လာဆန်းစစ်စရာတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ ပထမအချက် အနေနဲ့ တရားရုံးသည် နှစ်ဖက်အမှုသည်တွေရဲ့ ဥပဒေကြောင်းအရ လျှောက်လဲချက်အပေါ်မှာ အခြေခံခြင်းမရှိဘဲ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order) ထဲမှာထိုသို့ဖော်ပြခဲ့ပါတယ်။ တစ်နည်းပြောရရင် နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေ အပေါ်မှာ သမာသမတ်ကျကျ စဉ်းစားဆုံးဖြတ်ရတဲ့ မူသဘောတရား (principe de contradictoire) အရ တရားရုံးက ဆောင်ရွက်ခြင်းမရှိပါဘူး။ တခြားစာချုပ်တွေမှာ erga omnes partes တာဝန်ဝတ္တရားများကို ချိုးဖောက်မှုအတွက် တာဝန်ရှိမှုကို ကိုးကား တောင်းဆိုခွင့် ရှိတယ်ဆိုတဲ့သဘောတရားရဲ့ လွှမ်းမိုးမှုဒဏ်ကို ကြီးကြီးမားမားခံရတဲ့ အတွက် ထိုသို့ ဖော်ပြခဲ့ တာဖြစ်ပါတယ်။ အဲဒီလိုဖော်ပြမယ်ဆိုရင် မြန်မာနိုင်ငံဘက်က လျှောက်လဲချက် တွေအပေါ်မှာ ဂရုတစိုက်နဲ့ ပြန်လည်စဉ်းစားပေးဖို့ လိုအပ်ပါတယ်။
၅၂။ ဒုတိယအချက်အနေနဲ့ ထိုဖော်ပြချက်သည် တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခြင်း ကိစ္စသက်သက် အတွက်သာ ရည်ညွှန်းခြင်း ဖြစ်ပြီး အပြည်ပြည်တရားရုံး သို့မဟုတ် ခုံရုံးတွေမှာ တရားစွဲဆိုနိုင်ခွင့် အခြေအနေတွေနဲ့တော့ မသက်ဆိုင်လှပါဘူး။ ထိုဖော်ပြချက် ကို တစ်နည်းနည်းဖြင့် လေ့လာကြည့်ပါက တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခြင်းသည် တရားစွဲဆိုတောင်း ဆိုမှုပြုခွင့် အခြေအနေနဲ့ အတူတူပင် ဖြစ်တယ်လို့ ယူဆခြင်းဟာ တရားရုံးရဲ့ ကာလရှည်ကြာ ရှိနေခဲ့တဲ့ အများအကျိုးငှာ တရားစွဲဆိုခွင့်ပြုခြင်းဆိုင်ရာ ဥပဒေသဘောတရား (actio popularis) နဲ့ ကိုက်ညီဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် နိုင်ငံတကာဥပဒေမှာ မရှိခဲ့တဲ့ သဘောတရားလို့ လက်ခံလိုက်တာက ပိုကောင်းစေမှာပါ။ ယခုအမှုကိစ္စနဲ့ ပတ်သက်ပြီး Barcelona Traction အမှုမှာ တရားရုံးက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို erga omnes partes တာဝန်ဝတ္တရားများအဖြစ် သတ်မှတ်ခဲ့ တဲ့အပေါ် တရားသူကြီး De Castro ရဲ့ သဘောထားဖော်ပြချက်ကို ပြန်လည်ကိုးကားလိုပါတယ်။
“ထိုအမှုတွင် ဖော်ပြပါရှိသော ဆိုခဲ့ပြီးသောစကားရပ်တွေဟာ နိုင်ငံတကာဥပဒေအရ အများအကျိုးငှာ တရားစွဲဆိုခွင့်ပြုခြင်း ဆိုင်ရာ ဥပဒေသဘောတရား (actio popularis) ကို အသိအမှတ်ပြုရာ ရောက်တယ်လို့ မမှတ်ယူသင့်ပါဘူး။ ဥပဒေ အဖြစ်လက်ခံထားတဲ့ အထွေထွေ သဘောတရားနဲ့ကိုက်ညီမှု ရှိ မရှိကို အလေးပေးပြီး အနက်ဖွင့်ဆိုသင့်တယ်လို့ ကျွန်ုပ်အနေနဲ့ ယူဆပါတယ်။ အဆိုပါစကားရပ်တွေကို အထောက်အထား ပြုပြီးတော့မှ တရားရုံးတော်က အမှုကိုလက်ခံခွင့်ရှိကြောင်း မှတ်ယူမယ်လို့ ကျွန်ုပ်အနေဖြင့် ယုံကြည်နိုင်မည်မဟုတ်ပါ။ ဥပမာ နိုင်ငံ A က နိုင်ငံ B သည် ၎င်း၏နိုင်ငံသားများ (သို့မဟုတ်) နိုင်ငံ C ၏ နိုင်ငံသားများနှင့် ပတ်သက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ မူသဘောတရားများနှင့် စည်းမျည်းများကို မလိုက်နာဟုဆိုကာ နိုင်ငံ B အပေါ် တောင်းဆိုနေတာနဲ့တူနေပါတယ်။”
အမှန်တကယ်တော့ Barcelona Traction အမှုစီရင်ချက်၊ အပိုဒ် ၉၁ ကို ပြန်ကြည့်မယ်ဆိုရင် ဖော်ပြပါ တောင်းဆိုချက်ကို တရားရုံးတော်အနေဖြင့် လက်ခံခွင့်မရှိကြောင်း အထင်အရှား တွေ့ခဲ့ပါတယ်။
“တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြည့်မည်ဆိုလျှင် လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များသည် နိုင်ငံများက ထိခိုက်နစ်နာ သူဟာ ၎င်းတို့ရဲ့ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းကို ထည့်သွင်းစဉ်းစားစရာ မလိုဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ကာကွယ် စောင့် ရှောက်ရန် လုပ်ပိုင် ခွင့်ပေးထားခြင်းမရှိ” ဟု စီရင်ချက်မှာ ဖော်ပြပါရှိပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များက စာချုပ်အဖွဲ့ဝင်နိုင်ငံများကို မိမိ တို့ရဲ့ နိုင်ငံသားမဟုတ်သူများအပေါ် ကာကွယ်စောင့်ရှောက်ရန် ခွင့်ပြုမထားဘူးဆိုလျှင် Genocide Convention အတွက်လည်း အလားတူ ယူဆရမှာဖြစ်ပါတယ်။
၅၃။ တတိယအချက်အနေနဲ့ erga omnes partes တာဝန်ဝတ္တရားများကို ချိုးဖောက်မှုအတွက် တာဝန်ရှိမှုတောင်းဆိုခြင်း ကိစ္စသည် နိုင်ငံရဲ့တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက်အပိုဒ် ၄၃ မှ ၄၅ ပါ အထွေထွေစည်းကမ်း သတ်မှတ်ချက်များ၊ အထူးသဖြင့် နိုင်ငံသားဆိုင်ရာ တောင်းဆိုပိုင်ခွင့်၏ စည်းကမ်းသတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရှိကြောင်း ကောက်ချက်ချစရာ ညွှန်းကိန်းတစ်စုံတစ်ရာ မရှိပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပြဌာန်းချက်အပိုဒ် ၄၄(က) တွင် “နိုင်ငံသားဆိုင်ရာ တောင်းဆိုပိုင်ခွင့် ၏စည်းမျဉ်းအရ တောင်းဆိုခြင်း မဟုတ်လျှင် နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်မရှိ” ဟု စောဒကတက် စရာမလိုအောင် ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် Belgium v. Senegal အမှုမှာ တရားရုံးက နိုင်ငံသား ဆိုင်ရာ တောင်းဆိုပိုင်ခွင့်သဘောတရားကို ကိုးကားရန်လိုအပ်ခြင်း မရှိဟုဆိုခြင်းသည် ယခုအမှု နှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုနိုင်မည် မဟုတ်ပါ။
နိဂုံးချုပ်ဆန်းစစ်တင်ပြချက်များ
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ၊
၅၄။ အထွေထွေလေ့လာဆန်းစစ်တင်ပြချက်အချို့ဖြင့် ကျွန်တော့်ကို နိဂုံးချုပ်ခွင့်ပြုပါ။
၅၅။ ဂမ်ဘီယာနိုင်ငံသည် နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူမှုတွေမှာ တရားစွဲဆို တောင်းဆိုမှုပြုခွင့်ဆိုင်ရာ ဥပဒေရေးရာ လိုအပ်ချက်အနေနဲ့ Genocide Convention ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမြတ်တဲ့ရည်ရွယ်ချက်ကို ကိုးကားချင်ပုံမရဘူး ဆိုတဲ့အချက်အပေါ် ခုခံလျှောက်လဲဖို့ ကောင်းကောင်း ကြိုးစားနေနိုင်ပါတယ်။ တရားရုံးတော် အနေနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုတောင်းဆိုခွင့်ကို ငြင်းဆန်ခြင်းဟာ ဆယ်စုနှစ်များတိုင် ခေါင်းမဖော်နိုင်စရာ သိက္ခာကျစရာ လုပ်ရပ်အဖြစ် ကျန်ရစ်လိမ့်မယ်လို့ ဂမ်ဘီယာနိုင်ငံက ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်လာနိုင်ပါတယ်။ သို့သော်ငြားလည်း တရားရုံးက ညွှန်းဆို ထားသည့်အတိုင်း “လက်ရှိအခြေအနေတွင် အချို့သောစွပ်စွဲချက်များသည် တည်ရှိမှု မရှိကြောင်း တွေ့ရှိရပါက အကျိုးဆက်ကို လက်ခံရမည်ဖြစ်သည်။ ထိုအကျိုးဆက်များကို ရှောင်လွှဲရန် တရားရုံးသည် ယင်းအခွင့်အရေး တည်ရှိသည်ဟု မယူဆနိုင်ပါ။ တရားရုံးအနေဖြင့် ဥပဒေ ပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍သာ ဆက်စပ် လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ဆောင်ရွက်ချက်များဟာ တရားရုံးကိုယ်တိုင်က မည်သို့ပင် ဆန္ဒရှိ စေကာမူ တရားရုံး၏လုပ်ပိုင်ခွင့့် ပြင်ပမှာရှိနေပါတယ်။”
၅၆။ အပြည်ပြည်ဆိုင်ရာဥပဒေတွင် နောက်ဆုံးနည်းလမ်းအနေြဖင့် ဥပဒေကြောင်းအရ တရား စွဲဆိုဆောင်ရွက် နိုင်ခြင်းမရှိသည့် တာဝန်များသည် ခြွင်းချက်ဆိုသည်ထက် စည်းမျဉ်းများ အဖြစ်သာ အမြဲရှိနေပါတယ်။ ဤကိစ္စရပ်များသည် ယနေ့ကာလ ထက်စာလျှင် ၁၉၄၈ ခုနှစ်တွင် ပိုမိုပေါ်ပေါက်ခဲ့သည့်ကိစ္စ ဖြစ်ပါတယ်။
၅၇။ တရားစွဲဆိုဆောင်ရွက်နိုင်ခွင့်နှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံခြင်းသည် ယခုအမှုနှင့် Genocide Convention တို့အပြင် အခြားနယ်ပယ်များကိုလည်း ဂယက်ရိုက်ခတ်လိမ့်မည် ဖြစ်ပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် တာဝန်အပြင်ဥပမာအားဖြင့် တရားရုံးကလူမျိုးရေးခွဲခြားဆက်ဆံခြင်းကို တားဆီးကာ ကွယ်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကျူးကျော်ရန်လိုသည့် အပြုအမူများကို တားဆီးခြင်းတို့ကို အားလုံးနှင့် သက်ဆိုင်သည့်တာဝန်များအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ အကယ်၍ ယခု သတ်မှတ်ချက်သည် တရားစွဲဆိုဆောင်ရွက်နိုင်ခွင့်ကို အလိုအလျောက် ဖြစ်စေပါက နိုင်ငံတိုင်း ကဖြစ်စေ၊ သက်ဆိုင်ရာစာချုပ်ဝင်နိုင်ငံတိုင်းကဖြစ်စေ ယင်း၏ နိုင်ငံသားကို တိုက်ရိုက်သော် လည်းကောင်း ယင်း၏ နိုင်ငံသားမှတဆင့်သော်လည်းကောင်း အခွင့်အရေးတစ်ရပ်ရပ် ထိခိုက်မှု မရှိစေကာမူ အဆိုပါအခွင့်အရေးများကို ချိုးဖောက်မှု အတွက် တရားရုံးတွင် တရားစွဲဆိုခွင့် ရှိလာနိုင်မည်ဖြစ် ပါတယ်။ ဒီအခြေအနေသည် ထိန်းမနိုင်သိမ်းမနိုင်ဘဲ အတောမသတ် နိုင်သည့် အငြင်းပွားမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅၈။ အဆိုပါအကြောင်းကြောင့် နိုင်ငံတကာတာဝန်ရှိမှုဆိုသော အကြောင်းအရာနှင့် စပ်လျဉ်းသည့် တရားဝင်မှုဆိုင်ရာ ပြဿနာများလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဂမ်ဘီယာ၏ တင်ပြချက်များတွင် ပါဝင်သောအချက်မှာ ယခုစွပ်စွဲတင်ပြထားသည့် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခံရသူများ၏ အကျိုးခံစားခွင့်တွင် နစ်နာကြေးများ ပေးလျော်ရမည့် တာဝန်ကို မြန်မာနိုင်ငံက ဆောင်ရွက်ပေးရမည်ဟု တရားရုံးက ကြေညာပေးရန် ဂမ်ဘီယာနိုင်ငံ က တောင်းဆိုထားပါတယ်။ ဂမ်ဘီယာနိုင်ငံက ဆက်လက်တင်ပြထားသည်မှာ -
“လျော်ကြေးပမာဏနှင့် အခြားသော နစ်နာမှုကုစားခြင်းများနှင့်စပ်လျဉ်း၍ အမှုသည်များ အကြား သဘောတူညီမှု မရရှိပါက တရားရုံးအနေဖြင့် တရားစွဲဆိုမှု၏ နောက်ဆက်တွဲ ကြားနာမှုများတွင် အဆိုပါကိစ္စကို ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။”
၅၉။ ဤနေရာတွင် မေးခွန်းထုတ်စရာရှိသည်မှာ ဂမ်ဘီယာနိုင်ငံသားများမဟုတ်သော စွပ်စွဲဖော်ပြထားသည့် နစ်နာသူများ ကိုယ်စား လျော်ကြေးပမာဏကို ညှိနှိုင်းရန်အတွက် ဂမ်ဘီယာ နိုင်ငံတွင် မည်သည့်အခွင့်အာဏာရှိပါလဲဆိုသည့်အချက် ဖြစ်ပါတယ်။ ဆက်လက်၍ မေးခွန်းထုတ်စရာရှိသည်မှာ Genocide Convention ၏ အခြားအဖွဲ့ဝင်နိုင်ငံများက ဂမ်ဘီယာနိုင်ငံ တောင်းဆိုသည့် လျော်ကြေးပမာဏအပေါ် ကျေနပ်မှုမရှိခဲ့လျှင် အဆိုပါနိုင်ငံများက တရားရုံးတွင် အလားတူ ကိုယ်တိုင် တရားစွဲဆိုခွင့်ရှိနေသည့်အပေါ် မည်သို့တားမြစ်မည်နည်း ဆိုသည့် အချက်ဖြစ်ပါတယ်။
၆၀။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံကအခြားစာချုပ်ဝင်နိုင်ငံများအပေါ် တာဝန်ရှိမှုဟူသည့် သဘောတရားနှင့် တရားရုံးတွင် တရားစွဲ ဆိုဆောင်ရွက်နိုင်ခွင့်တို့၏ ဆက်နွယ်မှုသည် အပြည်ပြည်ဆိုင်ရာဥပဒေတွင် အများဆိုင်ရာအကျိုးစီးပွားအတွက် အဖွဲ့ဝင်တစ်ဦးက ဝင်ရောက်ဆောင် ရွက်ခြင်း (actio popularis) ဟူသည့်သဘောတရားကို တစ်ဖက်လှည့်ဖြင့် ဖော်ပြရာ ရောက်နေ လိမ့်မည်ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာသည် သီးခြားစီဖြစ်သော ဥပဒေမူသဘော တရားနှစ်ရပ်မှ ဂမ်ဘီယာနိုင်ငံက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကောက်ယူတင်ပြခြင်းအပေါ် အခြေခံ၍ရမည်မဟုတ်ဘဲ နိုင်ငံများ၏ သဘောတူညီချက်အပေါ်တွင် အခြေခံရမည်ဖြစ်သည့် အပြင် Genocide Convention တွင် ပါရှိသည့် ဖော်ပြချက်ကိုလည်း ကြည့်ရမည်ဖြစ်ပါတယ်။
၆၁။ အထက်ပါအကြောင်းများကြောင့် ဂမ်ဘီယာနိုင်ငံသည် ယခုအမှုတွင် တရားစွဲဆို ဆောင်ရွက်ခွင့်မရှိပါကြောင်းနှင့် ယင်း၏ လျှောက်ထားမှုကို လက်ခံခွင့်ပြုခြင်းမပြုဘဲ ပလပ်သင့် ပါကြောင်း တင်ပြအပ်ပါတယ်။
၆၂။ စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။
၆၃။ ဥက္ကဋ္ဌခင်ဗျာ၊ ယခုတရားရုံးတော်အနေနဲ့ ခေတ္တနားဖို့ သင့်မြတ်တဲ့အချိန်ဖြစ်ပါတယ်။ သို့မဟုတ် ဆက်လက်ကြားနာမည် ဆိုပါက မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာ တတိယအချက် ကိုတင်ပြပေးဖို့ မြန်မာနိုင်ငံ၏ရှေ့နေ Professor Mr ROBERT KOLB ကို လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။