(၂၄-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၃-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၈,၄၈၆) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂,၉၃၈) ဦး တွေ့ရှိရပါသည်။
ထို့ကြောင့် ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၀၂၈,၈၈၆)ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၇၈,၄၄၆) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၅၀) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၂၈,၇၁၇) ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၅၃) ဦး ရှိပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှု များကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးသန့် ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင် ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။
- သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်မှုမှကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှု မပျက်မကွက်အကြိမ် ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေး နိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင် ပေးခြင်းစသည်တို့ကို မမေ့မလျော့သတိပြု၍ ဆောင်ရွက်ကြ ပါရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာ ကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည်။
- COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက် စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။