နေပြည်တော် ဖေဖော်ဝါရီ ၂၄
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ်ကြေညာ၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြီးနောက် နိုင်ငံတော်တစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို နမ့်မယ်ခုံဒေသတစ်ဝိုက်တွင် အခြေပြု၍ လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့သည်။ ၎င်းအပြင် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့ လေဆိပ်တွင် အရပ်ဘက် ခရီးသည်တင် လေယာဉ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ အရပ်ဘက် ခရီးသည်တင် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်းစသော လူအစုလိုက်အပြုံလိုက် သေစေနိုင်သည့် စစ်ရေး မဟုတ် သည့် အရပ်ဘက် ပစ်မှတ်များအထိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့အခမ်းအနား မတိုင်မီ လွိုင်ကော်မြို့အား သိမ်းပိုက်၍ ကိုယ်တိုင်အစိုးရဖွဲ့ အုပ်ချုပ်နိုင်ရေး Social Media များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့ကာ ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဆင်ခြေဖုံးရပ်ကွက်များ အတွင်း အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းအပြင် ကျန်မြို့ကြီးများ၌လည်း အဝေးမှ ပစ်ခတ်နှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည်။
ထိုသို့ဆောင်ရွက်မှုကြောင့် အေးချမ်းစွာ နေထိုင်လိုသော ဒေသခံပြည်သူအချို့နှင့် ဝန်ထမ်းများ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာမှ လွတ်ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရသည်။ လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် ဇန်နဝါရီ ၆ ရက်မှစ၍ လွိုင်ကော်မြို့နယ်အတွင်း အဓိကကျသည့် လုံခြုံရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မိုင်းလုံရပ်ကွက်အတွင်း ပြည်သူလူထုအား လူသားတံတိုင်း အဖြစ် အသုံးချတိုက်ခိုက်လာသည့် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်အဖွဲ့များအနေဖြင့် သုံးမြောင်းဆုံ၊ ဘုရားဖြူ၊ နမ့်ဖယ်ခုံ၊ ဆင်မတောင် ရွာများသို့ အဆင့်ဆင့် ဆုတ်ခွာသွားခဲ့သည်။
၎င်းနောက်ပိုင်း ကယားပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ခေတ္တ တိုက်ပွဲရှောင်ဒေသခံ ပြည်သူများကို နယ်မြေလုံခြုံရေး အပြည့်အဝ ဆောင်ရွက်ထားပြီးဖြစ်၍ နေရပ်ပြန်လာကြရန် နီးစပ်ရာ ဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့သဖြင့် တိုက်ပွဲတိမ်းရှောင်ပြည်သူများ ဇန်နဝါရီ ၆ ရက်မှစတင်၍ လွိုင်ကော်မြို့ အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ယနေ့အထိ ခေတ္တနေရပ်စွန့်ခွာသူ ၂၄၈၂၇ ဦးမှာ မိမိတို့ နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိပြီးဖြစ်သည်။
ဆုတ်ခွာသွားသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နမ့်မယ်ခုံဒေသအား အခြေပြု၍ လွိုင်ကော်မြို့ ပတ်ဝန်းကျင် တစ်ဝိုက်အား အဝေးမှပစ်ခတ်နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသော ဒေသခံ တို့၏ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးအသွင်ဖြင့် မိုးဗြဲ၊ ဝါရီဆူပလိုင်း၊ ဝီသဲခူ(တောင်)၊ ဝီသဲခူ(မြောက်)၊ ဘုရားဖြူ၊ ဘုရားနီမှတစ်ဆင့် စစ်ကြောင်းများခွဲ၍ ဝင်ရောက်ကာ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူ အချို့ရယူ၍ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေး ဆောင်ရွက်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ၎င်းတို့အဓိက အခြေပြုနေရာဖြစ်သည့် နမ့်မယ်ခုံ၊ အိုကေကျေးရွာအပြင် အဓိက အခြေပြုသည့် ဆင်မတောင်၊ ဆင်ထီးတောင်နှင့် ဘုရားကုန်း တစ်ဝိုက်တို့ကိုပါ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ ခိုအောင်းနေထိုင်နိုင်မည့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှာဖွေ ဖော်ထုတ်လျက်ရှိသည်။ ဖြစ်စဉ်များတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ယနေ့အထိ ထိတွေ့မှုဖြစ်စဉ် ၂၅ ကြိမ်ဖြစ်ပွားခဲ့ကာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ အလောင်းအချို့၊ လက်နက်ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းပိုက် ရရှိခဲ့ပြီး တပ်မတော်သား အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တစ်ဆက်တည်းတွင် ကယားပြည်နယ်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ခေတ္တတိမ်းရှောင်သွား သည့် ဒေသခံပြည်သူများအား အမြန်ဆုံးပြန်လည် နေထိုင်နိုင်ရေး နီးစပ်ရာဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ထားကြောင်း သိရသည့်အပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ ခြိမ်းခြောက်မှု၊ စည်းရုံးမှု တို့ကြောင့် တရားမဝင် လက်နက်ကိုင်ဆောင်ခဲ့ရသည့် ရွာသူ၊ ရွာသားများကိုလည်း လူသတ်မှု၊ မုဒိမ်းမှု စသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူ များမှအပ ၎င်းတို့နေရပ်များသို့ ပြန်လည် ဝင်ရောက်၍ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုပါကလည်း မိမိရပ်ရွာရှိ အုပ်ချုပ်ရေး အဖွဲ့များထံသတင်းပို့၍ ခွင့်လွှတ်မှုကိုရယူကြရန်နှင့် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူကြောင်းကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဆွေမျိုး၊ မိသားစုဝင်များမှတဆင့် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း၌ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် ခဲ့ရာတွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များ မဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့ကို လုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန် ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။