နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များအား အကြမ်းဖက်သမားများအနေဖြင့် လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေး အမျိုးသမီး တစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေကန်သာကျေးရွာအုပ်စု ရပ်/ကျေး စာရေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျောက်ပြင်သာ ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာနေ ဒေါ်နေခြည်မင်း၏ နေအိမ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများသည် လက်နက်များကိုင်ဆောင်ရောက်ရှိလာပြီး ဒေါ်နေခြည်မင်း၏ မောင်ဖြစ်သူအား “ဒေါ်နေခြည်မင်းအနေဖြင့် အလုပ်မှ CDM ပြုလုပ်ပြီး ကျေးရွာသို့ရောက်ရှိသည့်အချိန်မှ ပြန်လွှတ်ပေးမည်” ဟုပြောဆို၍ ဓားစာခံဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ထိုသို့အကြမ်းဖက်သမားများမှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် မောင်ဖြစ်သူအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဒေါ်နေခြည်မင်းသည် ၎င်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ရေကန်သာကျေးရွာအုပ်စုမှ ၎င်းနေထိုင်ရာ မင်းကုန်းကျေးရွာသို့ ခွင့်ပြန်သွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ မောင်ဖြစ်သူအား ပြန်လည်ခေါ်ယူ၍ ကျေးရွာ၌ ပြန်လည်နေထိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်များကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကုန်း ကျေးရွာသို့သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အဆိုပါကျေးရွာနေ ပြည်သူများက အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေါ်နေခြည်မင်းနှင့် မိသားစုဝင်များမှာ ၎င်းတို့၏နေအိမ်၌ ဆက်လက်နေထိုင်ခဲ့ကြကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာ အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ပြန်လည်ထွက်ခွာသွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် မင်းကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက် လာပြီး ဒေါ်နေခြည်မင်းအား “သတင်းပေး၊ ဒလံ” ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ သွားရောက်ဆောင်ရွက်လျက် ရှိသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသဖြင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြရန်နှင့် အကြမ်းဖက်သမား များ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။