Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့သည် ချင်း ပြည်နယ်နှင့် ဒေသအသီးသီးတွင် နေထိုင်ကြသော ချင်းတိုင်းရင်းသား အားလုံးအတွက် ထူးခြားလေးနက်၍ ကျက်သရေမင်္ဂလာ ပြည့်ဝသော (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါသည်။ ယခုကဲ့သို့သော  ချင်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်တွင် ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူထုညီလာခံကျင်းပကာ စော်ဘွားများအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲကျင့်သုံးရန်ဆုံးဖြတ် ခဲ့ကြပါသည်။

၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော သတ္တမအကြိမ်မြောက် ချင်းရေးရာကောင်စီညီလာခံတွင် ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအဆိုများ တင်သွင်းမှုအပေါ် တက်ရောက်လာသော အမတ်အားလုံး၏ဆန္ဒကိုရယူလျက် ဖလမ်းမြို့တွင် လူထုညီလာခံ ကျင်းပခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို “ချင်းအမျိုးသားနေ့ အဖြစ် ရွေးချယ်သတ်မှတ် အတည်ပြုခဲ့ပါသည်။ ၁၉၄၈ ခုနှစ်ကို အစပြု၍ သတ်မှတ်ခဲ့သော ချင်းအမျိုးသားနေ့သည် ယခုနှစ်ဆိုလျှင် (၇၄)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်းအရ တူညီသည့် ချင်းလူမျိုးအားလုံး၏ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

ချင်းပြည်နယ်သည် သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းနေသော အနောက်ရိုးမ၊ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်နေသော ကုလားတန်မြစ်၊ ရှားပါးအပင်များ ပေါက်ရောက်ရာနှင့် ရှားပါးသတ္တဝါများ ခိုအောင်းရာ နတ်မတောင်၊ ခေါနူးစုမ်တောင်၊ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားသော စစ်မြေပြင်ကနေဒီတောင်ထိပ်၊ လှပသော ရိဒ်ရေကန်၊ တသွင်သွင်စီးဆင်းနေသော မဏိပူရ်မြစ်၊ ဘွေနူးမြစ်၊ ဘုံတလာရေတံခွန် စသည့် သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက် သယံဇာတများ တည်ရှိရာနေရာတစ်ခု ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် နှစ်ပရိစ္ဆေဒကြာမြင့်စွာ အတူတကွ ရင်းနှီးချစ်ကြည် နေထိုင်ခဲ့ကြပါသည်။ သို့ရာတွင် ၁၉ ရာစုအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့၏ ကိုလိုနီနယ်ချဲ့ ကျူးကျော်မှုများကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှနယ်ချဲ့တို့က သိမ်းပိုက်ကျွန်ပြုပြီး တောင်တန်းဒေသနှင့် မြေပြန့်ဒေသကို ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ဤကဲ့သို့ တိုင်းတစ်ပါးသားတို့၏ မတရားကျူးကျော်အုပ်ချုပ်ခြင်းကို သူ့ကျွန်မခံလိုသော ချင်းတိုင်းရင်းသား များသည် အခြားတိုင်းရင်းသားများနှင့် ပူးပေါင်းကာ နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်ခဲ့ကြသည့် နယ်ချဲ့တော်လှန် ရေးတိုက်ပွဲများတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ လက်တွဲပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည့် ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်ခိုင်ကမ်းစသည့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၏ မျိုးချစ်စိတ်ဓာတ်မှာ ချင်းပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာ သမိုင်းကောင်းအစဉ်အလာပင် ဖြစ်ပါသည်။

ထို့ပြင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ဦးလှူရ်မှုန်၊ ဦးထောင်ဇခုပ်၊ ဦးကီယိုမန်းစသည့်တိုင်းရင်းသား ခေါင်းဆောင်များသည်လည်းချင်းပြည်နယ်၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ပြနိုင် ခဲ့သည့် လေးစားဂုဏ်ယူဖွယ် သာဓကများပင် ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာ မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက် ရှိပါသည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံးသည် မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတော်ကြီး ထာဝရအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ကာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့  အပါအဝင် နိုင်ငံနေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အန္တရာယ်အလွန် ကြီးမားလှပါသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သည့် မတည်မငြိမ်ဖြစ်ရခြင်း၏ အကြောင်းရင်းအမှန်တရားများကို သိရှိနားလည်ပြီး နိုင်ငံတော်ပြိုကွဲ ပျက်စီးအောင် လုပ်ဆောင်နေကြသူများနှင့် ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်သမားများ၏ လုပ်ဆောင်နေမှုများ၊ ပယောဂများကို သိမြင်ခံစားသတိထားကြပြီး အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားပြည်သူ အားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန် ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းအသိပေးအပ်ပါသည်။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကို ယူနေရသည့် သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဦးတည်ချက်များနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် ရရှိပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင် ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ ဆရာ/ဆရာမများ တိုးချဲ့ခန့်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်ရှိ ပြည်သူများ မျှော်လင့်တောင့်တနေသော ချင်းပြည်နယ်အနှံ့အပြား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ပြည်မနှင့် လွယ်ကူစွာဆက်သွယ်သွားလာနိုင်သော အဝေးပြေးလမ်းများနှင့် ပြည်နယ်တွင်းလမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်း တည်ဆောက်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုလုပ်ငန်းများသည် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အနာဂတ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံကောင်းများဖြစ်ပါသည်။

ချင်းပြည်နယ်တွင် သွားလာရန်ခက်ခဲသော သဘာဝမြေမျက်နှာပြင်နှင့် မြင့်မားသောတောင်တန်း၊ တောင်စွယ်များ တည်ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသော်လည်း နိုင်ငံတော်အနေဖြင့် ပြည်နယ်တိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ချင်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရ၊ ပြည်နယ် အစိုးရတို့နှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူပါဝင်ဖော်ဆောင်နိုင်မှုသည် လွန်စွာအရေးပါလှပါသည်။ ထိုသို့ တည်ဆောက်လျက်ရှိရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ လိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ