Skip to main content

တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရန်နှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက်ပေးသူ(Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွား ကြရန်လို

နေပြည်တော်၊ ဇန်နဝါရီ  ၁၇

လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ယူ ထမ်းဆောင်ရလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊  ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာအောင်၊ အာမခံချက်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ထိန်းသိမ်း စောင့်ရှောက်နေသည့်၊ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ပေး နေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ (Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းပျဉ်းတပ်နယ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြော ကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် တာဝန်ရှိသူများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းပျဉ်း တပ်နယ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ် တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် မိုင်းပျဉ်းတပ်နယ်ရှိ နယ်မြေခံတပ်သည် သက်တမ်း ကြာရှည်ပြီဖြစ်ပြီး ဒေသတွင်း နေထိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်၍ ဒေသခံပြည်သူ လူထုနှင့် တစ်သွေးတည်း တစ်သားတည်းဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသ အတွင်း နယ်မြေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လာရောက်တာဝန် ထမ်း‌ဆောင်နေကြသည့် နယ်မြေခံတပ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုတို့ လက်တွဲညီညီ ဆောင်ရွက်နိုင်ရ မည်ဖြစ်ကြောင်း၊ ဒေသ၏ ဘာသာစကား မတူညီမှု၊ ဦးစီးဦးဆောင် ပြုသည့် တပ်အကြီးအကဲများ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမှုတို့ကြောင့် ဒေသခံများနှင့် ရင်းနှီးမှု၊ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် မှုတို့တွင် လိုအပ်ချက်များရှိနေသည်ဟု သုံးသပ်တွေ့ရှိရကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍတွင် ပါဝင်ခဲ့သည့် အခြေအနေများကို နားလည်မှုလွဲမှားမှု၊ စိတ်သဘောထား မတိုက်ဆိုင်မှု၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မလွှဲသာ၊ မရှောင်သာသော အခြေ အနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ အရေးပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ရမှုတို့ကို လက်ခံနိုင်ခြင်းမရှိသူများ အနေဖြင့် သွေးထိုးလှုံ့ဆော်နေမှုများရှိနေပြီး တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သည် စတင်ဖွဲ့စည်း ချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ခဲ့သည့်၊ အစဉ်အလာရှိသည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြောဆိုနေမှုများကို လက်ခံ၍ ရနိုင်မည် မဟုတ်ကြောင်း။

ပြည်သူများ၏ အကျိုးကိုဆောင်ရွက်သူများကိုသာ ပြည်သူများအနေဖြင့် လိုလားကြမည်ဖြစ်ကြောင်း၊ လက်တွေ့ပါသည့်စည်းရုံရေးနှင့် လက်တွေ့မပါသည့် စည်းရုံးရေးနှစ်မျိုးရှိကြောင်း၊ လက်တွေ့ပါသည့် စည်းရုံးရေးသည် ပြည်သူများ၏ အကျိုးဖြစ်သည့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အကျိုးများကို ဆောင်ရွက်ကြခြင်းပင်ဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း မိမိအနေဖြင့် လက်တွေ့ပါသည့် ဆောင်ရွက်မှုများဖြင့် ပြည်သူများ၏ အကျိုးကို ဖော်ဆောင် ပေးလျက်ရှိကြောင်း။

မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ယခုအချိန်အထိ တပ်မတော်အတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့် တပ်ပိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ကိုဆောင်ရွက် ပေးခဲ့ကြောင်း၊ အလားတူ တပ်မတော်သားများ အတွက် လိုအပ်သည့် နေထိုင်ရေးနှင့် စားသောက်ရေးဆိုင်ရာများကိုလည်း တတ်နိုင် သမျှဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးရရှိပြီး အချိန်မှစ၍ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံ၏သမိုင်း နှင့်အတူ အမျိုးသားနိုင်ငံရေးကို ဒွန်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အား နိုင်ငံရေးအရ အသုံးချခြင်း မခံရရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံကြီးများအကြားတွင် နေထိုင်ကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏ ကာကွယ် ရေး စွမ်းပကားများကောင်းမွန်ရန်လိုကြောင်း။

တပ်မတော်သည် နိုင်ငံလွတ်လပ်ရေး ရရှိရန်ဆောင်ရွက်ခဲ့သကဲ့သို့နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သမိုင်းအစဉ်အလာကောင်းမွန်သည့် အဖွဲ့အစည်းဖြစ်သော တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ ဂုဏ်ယူစွာ ဖြင့် စွဲစွဲမြဲမြဲတာဝန် ထမ်းဆောင်လိုသည့်စိတ်ဓာတ်များ မွေးမြူဆောင်ရွက်ကြရန် လိုကြောင်း၊ တပ်မတော်သားများအားလုံးသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် တပ်မတော်သို့ဝင်ရောက်ခဲ့ကြခြင်းဖြစ်သဖြင့် ၎င်းအချက်အပေါ် ဂုဏ်ယူသည့်စိတ်ဖြင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ အတိတ်ကရှိခဲ့သည့် တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းကြောင်းများကို ခိုင်မာအောင် လုပ်ဆောင် ပေးထားပြီး ဖြစ်သည့်အတွက် မိမိတို့၏ အနာဂတ်တပ် မတော်သားများကိုလည်း ကောင်းမွန်သည့် အစဉ်အလာ ကောင်းများ၊ စိတ်ဓာတ်ကောင်းများကို လက်ဆင့်ကမ်း နိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် မိသားစုတစ်ခုပင်ဖြစ်ပြီး တပ်မတော်သား များနှင့် မိသားစုဝင်များအားလုံး မိသားစုစိတ်ဓာတ်၊ မောင်နှမစိတ်ဓာတ်များဖြင့် စည်းစည်း လုံးလုံးဖြင့်နေထိုင်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေ အနေများ၊ နိုင်ငံ၏ဒီမိုကရေစီအ စိုးရသက်တမ်းတွင် နိုင်ငံ၏လူမှုရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ယခုနိုင်ငံရေးဖြစ် စဉ်များကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများအား ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မိုင်းပျဉ်းတပ်နယ်နှင့် ခိုလမ်တပ်နယ် တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ မိုင်းပျဉ်းတပ်နယ်မှူးနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ မိုင်းပျဉ်း တပ်နယ်မှူး၏ဇနီးနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးတို့က လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်