မန္တလေး ဖေဖော်ဝါရီ ၁၁
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် မန္တလေးတိုင်းဒေသကြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း ၂၆လမ်းနှင့် ၂၇ လမ်းအကြား မင်္ဂလာမုခ်ဦး ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများ၊ ဘင်ခရာ တပ်ဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ဇော်ထွေးတို့က စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စာအုပ်အရောင်းပြခန်းများကို လိုက်လံကြည့်ရှု၍ စာအုပ်စာပေများ ဝယ်ယူအားပေးပြီး စာပေဈေးရောင်းပွဲတော်သို့ လာရောက်ဝယ်ယူ အားပေးကြသည့် ကျောင်းသား ကျောင်းသူများကို ရင်းနှီးစွာ နှုတ်ဆက်အားပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်း၊ ကျန်းမာရေးဦးစီးဌာန ပြခန်း၊ တိုင်းရင်းဆေးပြခန်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ ဥတ္တရလွင်ပြင်စာပေ၊ နဂါးစာပေ၊ ထွန်းဦးစာပေ၊ ခေတ်မှီစာပေ၊ စိတ်ကူးချိုချိုစာပေ၊ မောင်မောင်စာပေ၊ ညို စာပေ၊ မိုးကောင်းကင် စာပေ၊ စံပယ်အောင်စာပေ၊ ဦးအောင်ထူးစာပေ၊ လေးသောင်းစာပေ၊ နန်းတော်ဝင် စာပေပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြသရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်