နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြ မည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင် သို့ ရောက်ရှိပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် နေပြည်တော် လေဟာပြင်ကဇာတ်ရုံ၌ ၂၀၂၂ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲအခမ်းအနားတွင် သီဆိုကပြ ဖျော်ဖြေကြမည့် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းရင်းသားများ၏ သွေးစည်းချစ်ကြည်မှုသမိုင်းကို မော်ကွန်းအဖြစ် ဖော်ညွှန်ထားသည့် တေးသရုပ်ဖော် ပြဇတ်အပါအဝင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အလိုက် ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို အစီအစဉ်အလိုက် ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။
တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည်
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲ အခမ်းအနားတွင် သွေးစည်းချစ်ကြည် မြန်မာပြည် တေးသရုပ်ဖော်ပြဇာတ်၊ ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည်လာပါ၊ ကယား ကိုးမျိုးစုပေါင်း၊ ဖွံ့ဖြိုးဝေစည် တို့ဌာနီ၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ၊ ပြည်ထောင်စုသွေးသား ဗမာဟေ့ ဗမာ၊ ဟင်္သာတို့ ပျော်စံရာမြေ၊ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ၊ ချယ်ရီမြေရဲ့ သဘာဝအလှ၊ ပြည်ထောင်စုသွေး စသည့် တေးသီချင်းများဖြင့် တိုင်းရင်းသား တိုင်းရင်းသူများက သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အခမ်းအနားကျင်းပရေး ဗဟိုကော် မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်