နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ စိုက်ထည့်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဆိတ်မွေးမြူရေးအတွက် သမဝါယ အသင်းအဖွဲ့များဖွဲ့စည်း၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဝါသီးနှံများ စိုက်ပျိုးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု အခြေနေများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆိုလာစနစ်ဖြင့်လည်း အသုံးပြု
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြစ်ချောင်းများအတွင်း ငါးများ စနစ်တကျစိုက်ထည့်ရန် လိုအပ်ကြောင်း၊ နွားနှင့် ဆိတ်များ မွေးမြူရာတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက မွေးမြူရေးပိုင်းတွင်သာမက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝ ဓာတ်မြေဩဇာများပါ ရရှိမည်ဖြစ်သဖြင့် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အသားတိုး ကြက်များသာမက ဥစားကြက်များကိုပါ အရေအတွက်များများ မွေးမြူသင့်ကြောင်း၊ ကြက်များမွေးမြူရာတွင် ခေတ်မီမွေးမြူရေးစနစ်ဖြစ်သည့် လေအေးပေးစနစ် Evaporation Type ဖြင့်မွေးမြူပါက ပိုမိုဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ လေအေးပေးစနစ်ကို နေသာသည့်ရက်များတွင် ဆိုလာစနစ်ဖြင့်လည်း အသုံးပြု၍ရကြောင်း၊ ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး အသား၊ ငါးနှင့် ဥများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သာမာန်လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် အသား ၁၀ ကျပ်သားခန့်၊ ကြက်ဥ ၃ လုံးခန့် စားသုံးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေး လျက်ရှိကြောင်း။
ပိုမိုတိုးတက်အောင် ဆောင်ရွက်
ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆီကြိတ်စက်များ ခေတ်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ဆီကြိတ်စက်များသည် ဆီထုတ်လုပ်ရာတွင် ဆီကုန်အောင် ကြိတ်နိုင်မှု မရှိသေးသဖြင့် တိရစ္ဆာန်အစာအတွက် ကုန်ကြမ်းဖြစ်သည့် ကြိတ်ဖတ်များတွင် ဆီများကျန်ရှိနေသေးသည်ကို တွေ့ရှိရပြီး စနစ်တကျဖြင့် ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ကြိတ်ဖတ်များမှ မြေဩဇာနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်များ များစွာရှိသည်ကို တွေ့ရှိရကြောင်း၊ ထန်းပင်သည် မြန်မာတို့၏ ရှေးယခင်ကပင် ရှိခဲ့သည့် ရိုးရာယဉ်ကျေးမှု တစ်ခုပင်ဖြစ်ပြီး ထန်းပင်များနှင့် ထန်းထွက်ကုန်များ ပျောက်ပျက်မှုမရှိစေ ရေးထိန်းသိမ်းရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း တစ်ဧက အထွက်နှုန်းများ ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
ကုတ်ထုတ်လမ်းများပါ ထည့်သွင်း
သစ်တောသစ်ပင်များ ပေါများစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧကကွက်များဖြင့် စိုက်ပျိုး၍ စက်မှုလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ လယ်ထွန်စက်များ ထုတ်လုပ်ရန်လိုသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများကိုလည်း မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် တောင်သူများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင်ရာတွင် ကုန်ထုတ်လမ်းများပါ ထည့်သွင်းဆောင်ရွက် ပေးရန် လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားရှားပါးမှု ပြဿနာများကိုလည်း ပြေလည်စေမည်ဖြစ်ကြောင်း။
ကြပ်မတ်ဆောင်ရွက်
တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရေး ထိန်းသိမ်းရန်လိုကြောင်း၊ စည်းကမ်းများမသိရှိခြင်းနှင့် သတိလက်လွတ်ဖြစ်မှုများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လမ်းညွှန်အမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တကျဖြင့် စိုက်ထူထားရန်လိုကြောင်း၊ အလားတူ တရားမဝင်မော်တော်ယာဉ်များ စီးနင်းမှု မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ယာဉ်မောင်း လိုင်စင်များကို လည်း စနစ်တကျ ဖြင့်ထုတ်ပေးရန် လိုကြောင်း၊ လမ်းများပျက်စီးမှု မရှိစေရေးအတွက် ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်မှုမရှိစေရေးနှင့် ကုန်များအား စနစ်တကျဖြင့် တင်ဆောင်မှုရှိစေရေး သတ်မှတ်စည်းကမ်းများအတိုင်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်းစေရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန် လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန် လိုကြောင်း၊ အုပ်ချုပ်သည့် အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့် လုပ်သင့်သည့် အရာအားလုံး လုပ်ဆောင်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်