နေပြည်တော် ဖေဖော်ဝါရီ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်တွင် တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းတို့ကို လည်းကောင်း မိုင်းဆတ်မြို့၊ လွယ်ပါရင် (၂) - မယ်ကြုတ်ကျောက်လမ်း ၁၁ မိုင် ၄ ဖာလုံ အနက် ၁ မိုင် ကျောက်လမ်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မိုင်းဆတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဝန်ထမ်းများကို တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်တွင် မိုင်းလုံမြို့၊ နမ့်ဟူးခွန် - အောင်းလောင်း - ပါချီး ၈ မိုင် လမ်းပေါ်၌ ၄၅ ပေ ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် မိုင်းဆတ်မြို့ မယ်နင် - ဆိတ်ခြံ ၉ မိုင် လမ်းပေါ်၌ ကျောက်လမ်း ၁ မိုင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်တွင် မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများကိုတွေ့ဆုံ၍ ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ကျိုင်းတုံမြို့သို့ရောက်ရှိပြီး သီလဓမ္မကုန်းသာတောရကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်တွင် ကျိုင်းတုံမြို့၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ တုံကွမ်ကျေးရွာအတွင်း နမ့်အောချောင်း ၂၅ ပေ တံတားတည်ဆောက်နေမှု၊ မက်ကျန်း - တုံကွမ်လမ်း ၂၃၁၀ ပေ ကွန်ကရစ်ခင်းခြင်း၊ ကတ်ထိုက် - လွယ်ပန်တောင်း - အင်ဂိုလုံ မြေသားလမ်း ၃၃ မိုင် ၅ ဖာလုံ အနက် ၁ မိုင် ကျောက်ခင်းခြင်းနှင့် ၃၅ ပေ ရေကျော် ၁ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျိုင်းတုံမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ကျောင်းဝန်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရုံးဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ် ကျေးရွာအုပ်စု၊ ကျိုင်းတုံ - တောင်ကြီးလမ်းမကြီးမှ မိုင်းပန်ကျေးရွာ အထိ ၄ မိုင် ၄ ဖာလုံ အနက် ကျောက်လမ်း ၁ မိုင် ခင်းခြင်းလုပ်ငန်း၊ ကျိုင်းတုံ - တောင်ကြီးလမ်းမကြီးမှ ပန်မတ်ရွာအဝင် ၁၃ မိုင် အနက် ၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ကျိုင်းတုံမြို့ သောက်သုံးရေ ရရှိရေး လုပ်ငန်းဆောင်ရွက်မည့် ရေထွက်နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ယင်းနောက် ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ ဝန်ထမ်းများကို တွေ့ဆုံမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်