နေပြည်တော် ဖေဖော်ဝါရီ ၉
လုပ်ငန်းခွင်သုံး စီးပွားရေးနှင့် သက်ဆိုင်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများနှင့်ရေးသားခြင်း ဆိုင်ရာသင်တန်း (အလယ်အလတ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ရည်ရွယ်၍ဖွင့်လှစ် အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယခုဖွင့်လှစ်မည့်သင်တန်းတွင် ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်တို့အတွက် လုပ်ငန်းခွင်သုံး စီးပွားရေးဆိုင်ရာ အင်္ဂလိပ်ဝေါဟာရအသုံး အနှုန်းများကို နည်းစနစ်ကျကျသိရှိပြီး ကျွမ်းကျင်စွာ အသုံးချနိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့်အတွက် ကောင်းမွန်မှုရှိပြီး စီးပွားရေးနှင့်ပတ်သက်သော ဘာသာရပ်နယ်ပယ်သည် ကျယ်ပြန့်သည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာဖြင့် စနစ်တကျလေ့လာမှတ်သားသင်ယူ၍ မိမိနှင့်ဝန်ကြီးဌာန အတွက် အကျိုးရှိအောင် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာသွားရန် အထူးမှာကြားလိုပါကြောင်း၊ သင်တန်းကာလပြီးဆုံးချိန်တွင် မိမိတို့တွင်ရှိထားပြီး အရည်အချင်းများထက် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်ဆောင် ရွက်စေလိုပါကြောင်း၊ သင်တန်းသား သင်တန်းသူများ၏ အရည်အချင်းကို အကဲဖြတ်ဆန်းစစ်၍ ၎င်းတို့၏ ရလဒ်များကိုလည်း မှတ်တမ်းတင်ထားရှိစေလိုပါကြောင်း ပြောကြားသည်။
ရက်သတ္တငါးပတ်ကြာမြင့်မည် ယခုဖွင့်လှစ်သည့်သင်တန်းကို ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးနေသော အစီအစဉ်(Enhanced Integrated Framework EIF) အရ ထောက်ပံ့ပေးသော ရန်ပုံငွေအကူအညီဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အောက်မှ ဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၉ ရက်မှ မတ် ၁၁ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်မည်ဖြစ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူဦးရေ စုစုပေါင်း ၃၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်